နှုတ်ခမ်းရဲ့ နဂိုမူလအရောင်ဆိုတာပန်းရောင် ဒါမှမဟုတ် အသားရောင်လေးအတိုင်းရှိနေပြီးခြောက်တာမျိုးမဟုတ်ဘဲစိုစိုလက်လက်လေး ဖြစ်နေရမှာပါ။ တချို့လူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံတွေ၊ ကျန်းမာရေးအခြေအနေတွေကြောင့် မယ်လနင် (Melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အရေပြားပေါ်မှာစုပုံလာတယ်။ ကြာလာတော့ နှုတ်ခမ်းသားကပုံမှန်အရောင် ပျောက်သွားပြီးအရောင်မှိုင်းလာတော့တာပေါ့။
မယ်လနင်ဆဲလ်တွေကိုကိုယ်ခန္ဓာကများများထုတ်ဖို့ တွန်းအားပေးဖြစ်စေတဲ့ အချက်တွေကတော့
• နေရောင်ခြည်နဲ့ အရေပြားတိုက်ရိုက်ထိတွေ့မှု များတာ
• ရေဓာတ်ခမ်းခြောက်တာ
• ဆေးလိပ်သောက်တာ
• ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ သွားတိုက်ဆေး၊ နှုတ်ခမ်းနီတွေ အသုံးပြုတာ
• ကဖင်းဓာတ် ပါတဲ့ ဖျော်ရည်၊ ကော်ဖီသောက်လွန်းတာ
• နှုတ်ခမ်းကိုအမြဲလျှာနဲ့သပ်နေတာစတဲ့ အမူအကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။
ကင်ဆာဆေးသွင်းကုသခံနေရသူတွေ၊ သွေးအားနည်း ရောဂါရှင်တွေ၊ ဗီတာမင်အာဟာရဓာတ် ချို့တဲ့တဲ့ သူတွေမှာလည်း နှုတ်ခမ်းသားမည်းညစ်လာနိုင်ပါတယ်။
မည်းညစ်နေတဲ့ နှုတ်ခမ်းသားကိုဘယ်လိုကုသဖြေရှင်းမလဲ။
များသောအားဖြင့်တော့ နှုတ်ခမ်းသားမည်းလာတာကကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပိုပြီးသက်ဆိုင်နေနိုင်တာကြောင့် ဒါကိုပြင်လိုက်ရင်တော့ တော်တော်လေးအဆင်ပြေသွားမှာပါ။ ဘာတွေပြင်ဆင်ရမလဲဆိုရင်
၁။ နေရောင်ခြည်ဒဏ်ကနေ နှုတ်ခမ်းကိုကာကွယ်ဖို့ နှုတ်ခမ်းအဆီလိမ်းပေးရပါမယ်။ မိန်းကလေးတွေဆိုရင် နှုတ်ခမ်းနီမလိမ်းခင် အောက်ကနေ နှုတ်ခမ်းအဆီတစ်ထပ်ခံပြီးမှ နှုတ်ခမ်းနီလိမ်းတာပိုကောင်းပါတယ်။
၂။ ကိုယ်ခန္ဓာကရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။
၃။ ဆေးလိပ်ကို ဖြတ်ပါ။ ချက်ချင်းမဖြတ်နိုင်ရင်တောင် တစ်နေ့ကိုနည်းနည်းစီလျှော့ပြီးသောက်ပေးပါ။
၄။ ကော်ဖီကိုတစ်နေ့ တစ်ခွက်ထက် ပိုမသောက်ပါနဲ့။
၅။ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့ အကျင့်၊ နှုတ်ခမ်းအရေပြားကိုလက်နဲ့မကြာခဏခွာတတ်တဲ့အကျင့်ကိုဖျောက်ပါ။
၆။ သွားတိုက်ဆေး၊ နှုတ်ခမ်းနီတွေနဲ့ ဓာတ်မတည့်ရင် တံဆိပ်ပြောင်းသုံးပါ။ ကိုယ့်အတွက် အဆင်ပြေမယ့် သွားတိုက်ဆေးကိုရွေးဝယ်ရခက်နေရင် သွားဆရာဝန်ဆီမှာအကြံဉာဏ်တောင်းကြည့်လို့ ရပါတယ်။ နှုတ်ခမ်းနီအစရှိတဲ့အလှကုန်တွေကိုမဝယ်ခင် အရေပြားနဲ့ ဓာတ်တည့်၊ မတည့် အရင်စမ်းပြီးမှ ဝယ်ပါ။
ဒီပြဿနာကိုအိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ။
ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောပြီးသွားပြီဆိုတော့ အိမ်မှာအလွယ်တကူဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းတွေကိုပြောပြပေးချင်ပါတယ်။
၁။ ညမအိပ်ခင်မှာသံပရာသီးကိုအနေတော်လေးစိတ်ပြီး နှုတ်ခမ်းကိုပွတ်လိမ်းပေးပါ။ အရည်တွေ ကျန်နေခဲ့ရင် ဒီအတိုင်းထားထားပါ။ မနက်ကျမှ ရေအေးအေးလေးနဲ့ ပြောင်စင်အောင် ဆေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကညတိုင်းပုံမှန်လုပ်ပေးရမှာဖြစ်ပြီးရက် ၃၀ လောက်ကြာရင် သိသာတဲ့ ရလဒ်ကိုတွေ့ရမှာပါ။
၂။ နောက်တစ်နည်းကတော့ သံပရာစိတ်ပေါ်မှာသကြားဖြူးပြီးညမအိပ်ခင်မှာပွတ်လိမ်းပေးရမှာပါ။ မနက်မျက်နှာသစ်တော့မှပဲရေနွေးနွေးနဲ့ နှုတ်ခမ်းကို ပြန်ဆေးပေးရုံပါပဲ။
၃။ ခွက်သေးသေးထဲမှာ နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ။ အနှစ်လုပ်ဖို့ လိုအပ်သလောက် နနွင်းမှုန့်ပမာဏကိုထည့်ပါ။ သမအောင် မွှေပါ။ ပြီးသွားရင် လက်ချောင်းကိုရေနဲ့အရင် စိုစွတ်အောင် လုပ်ပြီးရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်မှာနည်းနည်းစီသုတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေအေးနဲ့ ပြောင်စင်အောင် ဆေးပေးရပါမယ်။ ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုးပြန်လိမ်းပေးပါ။
၄။ အသားအရေအတွက် နတ်ဆေးတစ်ပါးလို့ ခေါ်တဲ့ ရှားစောင်းလက်ပပ်ကရတဲ့ ဂျယ်လ်ကိုတစ်နေ့တစ်ကြိမ် နှုတ်ခမ်းပေါ်မှာပါးပါးလေးလိမ်းပေးရပါမယ်။ ခြောက်သွားရင်တော့ ရေနွေးနဲ့ ပြောင်သွားအောင် ပြန်ဆေးပေးပါ။
၅။ အုန်းဆီ၊ သံလွင်ဆီ၊ အော်လ်မွန်စေ့ဆီကိုတစ်နေ့ နည်းနည်းစီ နှုတ်ခမ်းမှာသေချာပွတ်လိမ်းပေးပါ။ အိပ်ခါနီးအချိန်မှာသုံးလို့ရသလိုနေ့ဘက်အပြင်မထွက်ခင် လိမ်းသွားမယ်ဆိုလည်းအဆင်ပြေပါတယ်။
အပေါ်မှာပြထားတဲ့ နည်းလမ်းတွေကတော့ မည်းခြောက်နေတဲ့ နှုတ်ခမ်းသားကိုနဂိုအသားရောင်အတိုင်း ပြန်ရစေမယ့် အိမ်တွင်းနည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကိုနေ့စဉ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

















