မင်္ဂလာဒုံတွင် တရားမဝင်သစ်တင်ယာဉ်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ရဲတစ်ဦး ဒဏ်ရာရ

မင်္ဂလာဒုံတွင် တရားမဝင်သစ်တင်ယာဉ်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ရဲတစ်ဦး ဒဏ်ရာရ

တရားမဝင်သစ်တင်ယာဉ်တစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိမှု မင်္ဂလာဒုံမြို့နယ်တွင် ဇွန်၉ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၉ ရက်နံနက် ၆ နာရီတွင် ရဲလှည့်ကင်းယာဉ်ဖြင့် နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်၌ မောင်းနှင်လာသော 2D×××× ခြောက်ဘီးယာဉ်ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရန်တားဆီးခဲ့သည်။

စစ်ဆေးရန်တားဆီးစဉ် ယာဉ်ကိုရပ်တန့်ပေးခြင်းမရှိသည့်အပြင် ယာဉ်ခေါင်းခန်းပါလူများက ဓားရှည်များထောင်ပြကာ လေးခွဖြင့်စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့သည်။

ယာဉ်သည် ဆက်လက်မောင်းနှင်ထွက်ပြေးသွားကာ အဆိုပါယာဉ်ထွက်ပြေးလွတ်မြောက်စေရန် မတ်တူးယာဉ်က လှည့်ကင်းယာဉ်အား တားဆီးပိတ်ဆို့မောင်းနှင်ခြင်းများ ပြုလုပ်ခဲ့သည်။

လှည့်ကင်းယာဉ်က ပိတ်ဆို့မောင်းနှင်နေသည့် မတ်တူးယာဉ်ကို ကျော်တက်ပြီး ခြောက်ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့လမ်းဆုံအရောက် ရဲတပ်ဖွဲ့က သတိပေးပစ်ခတ်တားဆီးခဲ့သည်။

ထိုသို့ပစ်ခတ်တားဆီးခဲ့ရာ ယာဉ်၏နောက်ဘီးအား ထိမှန်ပြီး ၎င်းယာဉ်သည် အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးများနှင့် အမြန်လမ်းမကြီးတိုးဂိတ်မောင်းတံအား ဝင်ရောက်တိုက်မိကာ ဆက်လက်မောင်းနှင်ထွက်ပြေးခဲ့သည်။

အဆိုပါယာဉ်သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးတွင် ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်ပါသူများက တိမ်းရှောင်သွားခဲ့ကာ ယာဉ်ပေါ်၌ ကျွန်းခွဲသားဆိုဒ်စုံ (၄ ဒသမ ၉၄၃၄)တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။