ဆူပူရမ်းကားသူအား ထိန်းသိမ်းစဉ် ရန်ပြုသဖြင့် ရဲတပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးရမှု လပွတ္တာမြို့နယ်တွင် ဇွန်၁၀ ရက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ညနေ၆နာရီခွဲတွင် လပွတ္တာခရိုင် လပွတ္တာမြို့နယ် ရွှေမိတ်ကျေးရွာနေ ကျော်မျိုး(၃၀)နှစ် လယ်လုပ်သူသည် ဓားကိုင်ရမ်းကားသောင်းကျန်းနေ ကြောင်း ၎င်း၏ဇနီး မငွေဇင်ဦးက သက်ဆိုင်ရာထံ တိုင်တန်းခဲ့သည်။
ကန်ဘက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်တားဆီးထိန်းသိမ်းစဉ် ကျော်မျိုးက ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုခြိမ်းခြောက်ပြီး တုတ်ဖြင့်ရိုက်ရန် ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့ရသည်။
ထိုသို့ပစ်ခတ်ခဲ့ရာ ကျော်မျိုးတွင် ဝမ်းဗိုက်/ ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိပြီး ၎င်း၏လွယ်အိတ်အတွင်းမှ လေးခွတစ်လက်၊ အရှည် ရှစ်လက်မခန့် စကေဘာတစ်ချောင်းတို့ ဖမ်းဆီးရမိခဲ့သည်။
၎င်းအား(ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄/၅၀၆ ၊ (ပ)၁၃၈/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)တို့ဖြင့် အသီးသီးအမှုဖွင့်အရေးယူခဲ့သည်။
ပြည်သူလူထူ၏ ဘေးကင်းလုံခြုံမှုနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် လက်နက်ကိုင်ရမ်းကားမှုများ၊ ခြိမ်းခြောက်မှုများကို ပိုမိုထိရောက်စွာ ထိန်းသိမ်းအရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ပြည်နယ်/တိုင်း တပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားထားကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

















