ကလေးတွေဟာလမ်းစမလျှောက်တတ်ခင်စကားမပြောတတ်ခင်ကတည်းကအမြင်အာရုံနဲ့ပတ်သက်ပြီးစတင်သင်ယူခဲ့ရတာဖြစ်ပါတယ်။
ကလေးတွေဟာသူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာလိုအပ်တဲ့ အမြင်အာရုံစွမ်းရည်ကိုမွေးကတည်းကရရှိလာခဲ့တာမဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ သူတို့ ပတ်ဝန်းကျင်ကအခြေအနေတွေကိုသိနားလည်ပြီးပတ်ဝန်းကျင်အခြေအနေပေါ်ကိုလိုက်လျောညီထွေ တုံ့ပြန် နိုင်ဖို့အတွက် သူတို့အမြင်အာရုံကနေတဆင့်ရရှိလာတဲ့သတင်းအချက်အလက်တွေကို ဦးနှောက်ကိုပေးပို့ပြီး ဘယ်လိုအသုံးချရမလဲဆိုတာကိုသင်ယူဖို့လိုအပ်ပါတယ်။
မွေးဖွားလာတဲ့အချိန်ကနေစပြီးကလေးတွေဟာသူတို့ရဲ့မျက်လုံးလေးတွေနဲ့ ကမ္ဘာတလွှားကအရာတွေကိုစူးစမ်းလေ့လာနေကြတာဖြစ်ပြီးသူတို့လေးတွေကလက်တွေနဲ့ပစ္စည်းတွေကိုဆွဲတာ၊လေးဘက်ထောက်သွားတာနဲ့ ထိုင်တာတွေမလုပ်ခင်မှာ သူတို့လေးတွေရဲ့မျက်လုံးအမြင်အာရုံကသူတို့ကြီးထွားသန်စွမ်းဖို့အတွက်အရေးပါတဲ့ အချက်အလက်တွေနဲ့လှုံ့ဆော်မှုတွေကိုလုပ်ဆောင်ဖို့ ထောက်ပံ့ပေးမှုတွေကိုလုပ်ဆောင်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့မျက်စိတွေနဲ့ကောင်းမွန်တဲ့အမြင်အာရုံတွေက မွေးကင်းစအရွယ်နဲ့ကလေးတွေရဲ့ သင်ယူမှုအပိုင်းမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကလေးလေးတွေမှာမျက်စိနဲ့အမြင် အာရုံချို့ယွင်းတာမျိုးဖြစ်ပေါ်ပါက ကြီးထွားဖွံ့ဖြိုးမှုကိုနှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးလေးတွေ ကြီးထွားသန်စွမ်းပြီးသင်ယူနိုင်ဖို့လိုအပ်တဲ့ အမြင်အာရုံစွမ်းရည်တွေကိုဖွံဖြိုးတိုးတက်စေဖို့အတွက် ကလေးတွေရဲ့အမြင်အာရုံဆိုင်ရာချို့ယွင်းမှုတွေကိုစောစောသတိပြုနိုင်ဖို့ကအရေးကြီးလှပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေရဲ့မျက်စိနဲ့အမြင်အာရုံကောင်းမွန်စွာဖွံ့ဖြိုးလာစေဖို့အတွက် ကလေးတွေမှာမျက်စိ၊အမြင်အာရုံနဲ့ပတ်သက်ပြီးပြဿနာရှိတဲ့လက္ခဏာရပ်တွေပေါ်နေသလားဆိုတာကိုစောင့်ကြည့်သင့် သလိုအသက် ၆လအရွယ်မှာကတည်းက မျက်စိအထူးကုတွေနဲ့ကလေးရဲ့အမြင်အာရုံပိုင်းကိုစစ်ဆေးသင့်ပါ တယ်။ မိဘတွေအနေနဲ့ အသက်အရွယ်နဲ့အလိုက် ကလေးတွေကိုအမြင်အာရုံဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်ပေးခြင်းအားဖြင့် ကလေးတွေရဲ့အမြင်အာရုံသန်စွမ်းလာအောင်အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ကလေးတွေရဲ့ အမြင်အာရုံဖွံဖြိုးမှုအဆင့်ဆင့်
မွေးဖွားစအရွယ်မှာကလေးတွေရဲ့အမြင်အာရုံစနစ်ကအပြည့်အဝမဖွံ့ဖြိုးသေးသလိုအသက်အရွယ် အတန်အသင့်ရှိနေပြီဖြစ်တဲ့ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေမြင်နိုင်တဲ့အချို့အရာတွေကို မမြင်နိုင်ကြ သေးပါဘူး။မွေးပြီးလအနည်းငယ်အကြာမှာတော့ သိသာတဲ့ဖွံ့ဖြိုးမှုတွေစတင်ဖြစ်ပေါ်လာပြီဖြစ်ပါတယ်။
မွေးကင်းစကနေ ၄ လသားအရွယ်
မွေးကင်းစအရွယ်ကနေ ၄ လသားအရွယ်မှာကလေးတွေကအလင်းအားများလွန်းတဲ့အရာတွေကိုသာစိုက်ကြည့်တတ်ပြီးသူတို့ရဲ့မျက်လုံးလေးတွေကိုအရိပ်တစ်ခုဆီကနေတစ်ခုဆီကိုအလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်မဖွံ့ဖြိုးသေးပါဘူး။ပုံမှန်အားဖြင့် သူတို့ရဲ့မျက်နှာ ဒါမှမဟုတ် မိဘရဲ့မျက်နှာဆီကနေ ၈ လက်မကနေ ၁၀ လက်မအကွာမှာရှိတဲ့အရာတွေကိုသာအဓိကအာရုံစိုက်ပြီးကြည့်ရှု့နိုင်တာဖြစ်ပါတယ်။ တစ်လသားအရွယ်မှာ ကလေးရဲ့မျက်လုံးနဲ့အမြင်အာရုံကလျင်လျင်မြန်မြန်နဲ့စတင်ဖွံ့ဖြိုးလာပြီဖြစ်ပြီး ရွှေ့လျားနေတဲ့ အရာဝတ္ထု တွေကိုစတင်လိုက်ကြည့်လာနိုင်ပြီဖြစ်ပါတယ်။
၂လသားအရွယ်မှာ အနီးဝန်းကျင်မှာရှိတဲ့ မိဘမျက်နှာနဲ့အခြားသူတွေရဲ့ မျက်နှာတွေကိုအလွယ်တကူစိုက်ကြည့်တတ်လာပြီဖြစ်ပါတယ်။ အသက် ၃လသားအရွယ်မှာတော့ အနီးဝန်းကျင်ကရွှေ့လျားနေတဲ့အရာတွေကိုစတင်ကြည့်ရှု့နိုင်ပြီဖြစ်ပါတယ်။ ဒီလိုအရွယ်မှာမိဘတွေအနေနဲ့ ကလေးရဲ့အမြင်အာရုံနဲ့မျက်စိကျန်းမာသန်စွမ်းကောင်းမွန်စေဖို့ ကလေးရဲ့အိပ်ခန်းထဲမှာညမီးထွန်းပေးတာမျိုးလုပ်ဆောင်သင့်ပါတယ်။
ကလေးရဲ့ပုခက်ကိုမကြာခဏပုံစံပြောင်းပေးသင့်သလိုကလေးရဲ့အနေအထားကိုပြောင်းပေးတာမျိုးနဲ့ ကလေးအာရုံစိုက်နိုင်တဲ့အကွာအဝေးလောက်မှာအရုပ်လေးတွေချိတ်ဆွဲပေးထားတာမျိုး၊ ကလေးနဲ့စကားပြောပေးပြီးအခန်းတဝိုက်ကိုလမ်းပတ်လျှောက်ပေးတာမျိုးတွေလုပ်ဆောင်ပေးပြီးကလေးရဲ့ အမြင်အာရုံနဲ့ မျက်စိကျန်းမာသန်စွမ်းအောင်လုပ်ဆောင်နိုင်ပါတယ်။
အသက် ၅ လကနေ ၈ လသားအရွယ်
အသက် ၅ လကနေ ၈လအရွယ်မှာ ကလေးရဲ့မျက်လုံးလှုပ်ရှားမှုကနဲ့မျက်လုံးနဲ့ကိုယ်ခန္ဓာဟန်ချက်ညီအောင် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကဆက်လက်တိုးတက်လာနေပါတယ်။ အသက် ၅ လလောက်မရခင်အရွယ် ကတည်းကကလေးတွေဟာအရာတစ်ခုတည်းမကကို ကြည့်ရှု့နိုင်နေပြီဖြစ်ပါတယ်။
ကလေးတွေ က အရွယ်ရောက်နေတဲ့ ကလေးတွေလောက် အရောင်တွေကိုမခွဲခြားနိုင်ဘူးဆိုပေမယ့်လည်းအသက် ၅ လ အရွယ်မှာအရောင်တွေကိုသေသေချာချာမြင်တတ်ပြီလို့ယူဆကြပါတယ်။ ကလေးတွေကအသက် ၈ လအရွယ်မှာလေးဘက်စသွားပြီးမျက်လုံး၊လက်၊ခြေထောက်နဲ့ကိုယ်ခန္ဓာတို့ရဲ့ဟန်ချက်ညီအောင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အထောက်အကူပေးပါတယ်။
ဒီအရွယ်မှာကလေးကိုကစားချိန်များများပေးပြီး ကြမ်းပြင်ကိုထိတွေ့စူးစမ်းခွင့် များများပေးတာမျိုး၊ လက်ထဲမှာဆုပ်ကိုင်ထားနိုင်တဲ့ ပလပ်စတစ် ဒါမှမဟုတ် သစ်သားတုံးလေးတွေနဲ့ပေးကစားတာမျိုး၊ ကလေးအနားမှာစကားကိုပီပီသသရှင်းရှင်းလင်းလင်းပြောဆိုရင်းကလေးရဲ့လက်လေးတွေကိုအလိုက်သင့်လှုပ်ရှားပေးတာမျိုးတွေကိုလုပ်ဆောင်ပေးခြင်းဖြင့် ကလေးရဲ့အမြင်အာရုံကိုသန်စွမ်းလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
အသက် ၉ လကနေ ၁၂ လသားအရွယ်
၉ လကနေ ၁၁ သားအရွယ်မှာကလေးကအနီးနားကပစ္စည်းတွေကိုအားပြုပြီးမတ်တတ်ရပ်ဖို့ကြိုးစားလာပါပြီ။ အသက် ၁၂ လအရွယ်မှာကလေးတွေကလေးဘက်သွားနေဆဲဖြစ်ပေမယ့်လည်းလမ်းလျှောက်နိုင်ဖို့ကြိုးစားကြပြီဖြစ်ပါတယ်။ မိဘတွေအနေနဲ့ကလေးကိုလမ်းလျှောက်ဖို့မတိုက်တွန်းဘဲနဲ့ လေးဘက်သွားခိုင်းတာကကလေးရဲ့ မျက်လုံးနဲ့လက်ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်မှုကိုအထောက် အကူပြုနိုင်ပါတယ်။၁၂ လသားအရွယ်မှာကလေးကအကွာအဝေးတွေကိုကောင်းကောင်းမှန်းတတ်ပြီဖြစ်ပြီးအရာဝတ္ထုတွေကိုတိတိကျကျပစ်နိုင်ပြီဖြစ်ပါတယ်။
ကလေးအသက် ၉ လကနေ ၁၂ လအရွယ်မှာမိဘတွေအနေနဲ့ ကလေးနဲ့ တူဝါးကစားပေးတာ၊ အရုပ်တွေနဲ့ကစားပေးတာတွေက ကလေးရဲ့အမြင်အာရုံဆိုင်ရာမှတ်ဉာဏ်ကိုဖွံ့ဖြိုးအောင် အထောက်အပံ့ ပေးပါတယ်။ ကလေးတွေကိုစကားလုံးတွေတွဲစပ်ပုံနဲ့ စကားလုံးစွမ်းရည်တွေတိုးတက်လာစေဖို့အတွက် ပစ္စည်းလေးတွေရဲ့အမည်တွေကိုပြောပြပေးပါ။လေးဘက်သွားတာကိုအားပေးခြင်းဖြင့်မိဘတွေအနေနဲ့ ကလေးတွေရဲ့အမြင်အာရုံကိုတိုးတက်လာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
အသက် ၁ နှစ်ကနေ ၂ နှစ်ကြားအရွယ်
တစ်နှစ်သားကနေ နှစ်နှစ်သားအရွယ်မှာကလေးရဲ့မျက်လုံးနဲ့လက်ဟန်ချက်ညီလှုပ်ရှားမှုကကောင်းကောင်းဖွံ့ဖြိုးလာပြီဖြစ်ပါတယ်။ ဒီအရွယ်မှာကလေးတွေရဲ့ ပတ်ဝန်းကျင်ကိုစူးစမ်းနိုင်စွမ်းနဲ့စိတ်ဝင်မှုနှုန်းကအမြင့်ဆုံးမှာရောက်ရှိလို့နေပါတယ်။ဒီအရွယ်မှာကလေးတွေဟာရင်းနှီးကျွမ်းတဝင်ရှိတဲ့ ပစ္စည်းတွေ၊စာအုပ်ထဲကရုပ်ပုံတွေ ကိုခွဲခြားနိုင်ပြီဖြစ်သလိုရောင်စုံခဲတံတွေ၊ခဲတံတွေနဲ့ရေးခြစ်နိုင်ပြီဖြစ်ပါတယ်။
ကလေးတစ်နှစ်ကနေ နှစ်နှစ်သားအရွယ်မှာမိဘတွေအနေနဲ့ ကလေးရဲ့အမြင်အာရုံကိုကောင်းမွန်စေဖို့ ဘောလုံးလေးကိုလှိမ့်ပြီးကစားပေးတာမျိုး၊ ကလေးရဲ့ motor skills နဲ့အသေးစားကြွက်သားဖွံ့ဖြိုးမှုတွေ ကောင်းမွန်စေဖို့အတွက် သစ်တုံးလေးတွေနဲ့တည်ဆောက်ပြီးကစားတာနဲ့ ဘောလုံးအရွယ်အစားပုံစံအမျိုးမျိုးနဲ့ ကစားပေးတာမျိုး၊ ကလေးရဲ့ အမြင်အာရုံစွမ်းရည်ကိုလှုံ့ဆော်ပေးဖို့နဲ့ သင်ယူမှုနဲ့စာဖတ်စွမ်းရည်တွေကိုတိုးတက် စေဖို့ ပုံပြင်တွေဖတ်ပြပြောပြပြီးတော့လည်းကလေးရဲ့အမြင်အာရုံကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါ တယ်။
မျက်လုံးနဲ့အမြင်အာရုံဆိုင်ရာချို့ယွင်းမှုလက္ခဏာရပ်များ
ကလေးတွေမှာမျက်လုံးနဲ့အမြင်အာရုံဆိုင်ရာချို့ယွင်းမှုတွေခံစားရတာမျိုးကဖြစ်ခဲတယ်ဆိုပေမယ့် တစ်ခါတလေမှာကလေးမှာ မျက်လုံးကျန်းမာရေးနဲ့အမြင်အာရုံဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားလာရတတ်ပါတယ်။ မိဘတွေအနေနဲ့အောက်ပါအချက်တွေကိုသတိထားစောင့်ကြည့်ကာကွယ်ပေးသင့်ပါတယ်။
• မျက်ရည်ပြွန်ကိုပိတ်ဆို့နေတာမျိုးကြောင့် မျက်ရည်အလွန်အကျွံကျတာမျိုး
• မျက်လုံးပိုးဝင်ကူးစက်မှုတစ်မျိုးဖြစ်တဲ့ မျက်ခွံတွေနီပြီးရောင်ရမ်းတာမျိုး
• မျက်လုံးကြွက်သားတွေထိန်းချုပ်ရာမှာ ပြဿနာရှိနေတဲ့လက္ခဏာရပ်တစ်မျိုးဖြစ်တဲ့ Constant eye turning ဖြစ်နေတာ
• မျက်လုံးပေါ်မှာဖိအားများနေတယ်ဆိုတာကိုဖော်ပြနေတဲ့လက္ခဏာတစ်မျိုးဖြစ်တဲ့အလင်းဒဏ်ကိုမခံနိုင်ဖြစ်နေခြင်း
• မျက်လုံးကင်ဆာရောဂါလက္ခဏာတစ်မျိုးဖြစ်တဲ့ Appearance of a white pupil ဖြစ်နေတာမျိုးတွေ ကလေးမှာခံစားနေရသလားဆိုတာကိုလေ့လာသင့်ပါတယ်။
ကလေးကိုအမြင်အာရုံကောင်းမွန်စွာနဲ့ကြီးပြင်းလာနိုင်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစွာကျွေးမွေးစောင့်ရှောက်သင့်သလိုအခါမလပ်စောင့်ကြည့်ပြီးစောင့်ရှောက်မှုတွေပေးသင့်ပါတယ်။ ကလေးနေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာမျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ DHA နဲ့ အခြားလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်အောင်ကျွေးမွေးဖို့ကိုလည်း မေ့ထားလို့မရပါဘူး။ ဒါကြောင့် ကလေးတွေကိုငယ်ရွယ်စဉ်ကတည်းကကျန်းမာတဲ့ ကလေးတွေဖြစ်အောင် ဂရုစိုက်ပြုစုပျိုးထောင်နိုင်ကြပါစေကြောင်း
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

















