မိုးညှင်းပြည်သူ့ဆေးရုံဝင်းအတွင်း မွေးကင်းစကလေးအလောင်းစွန့်ပစ်ခဲ့သူကို ရဲတပ်ဖွဲ့က ဇွန် ၁၀ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါနေ့ ညနေ ၆ နာရီခွဲခန့်တွင် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး သားဖွား မီးယပ် အဆောင်နှင့် ဓာတ်မှန်အဆောင်ကြား၌ မွေးကင်းစယောကျာ်းလေးအလောင်းစွန်ပစ်ထားကြောင်းသတင်းအရ မိုးညှင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းနိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင်ချက်ကြိုးတန်းလန်းနှင့်မွေးကင်းစကလေးအလောင်းကိုမှောက်လျက်အနေအထားဖြင့်တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်အရ မော်ဟန်ကျေးရွာနေ မစိုး-----(၁၇ နှစ်)သည်ဗိုက်အောင့်သဖြင့် မိုးညှင်းဆေးရုံသို့ မိခင်ဖြစ်သူနှင့်အတူ လာရောက်ပြသစဉ် ဗိုက်ထဲမှအောင့်လာ၍ သားဖွားဆောင်အောက် ထပ်အိမ်သာသို့ဝင်ရောက်ခဲ့ရာမှကိုယ်ဝန်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
ယင်းကလေးငယ်ကိုအိမ်သာမှန်ကပ်အပေါက်မှတစ်ဆင့်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
မိုးညှင်းမြို့မရဲစခန်းက ကလေးအလောင်းစွန့်ပစ်ခဲ့သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့်အရေးယူထားသည်။
















