နေရှင်နယ်လိဂ်ဒုတိယအကျော့အတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသော ဇွဲကပင်ယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်း ကြည်လင်းကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
တိုက်ရိုက်စာချုပ်
ဇွဲကပင်ယူနိုက်တက်နှင့် ကြည်လင်းတို့၏ စာချုပ်သက်တမ်းကိုမှု တရားဝင်ထုတ်ဖော် ပြောဆိုခြင်းမရှိသေးဘဲ အသင်းပိုင်ရှင်နှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုသည့်အတွက် မသိရှိရခြင်းဖြစ်ကြောင်း အသင်းမီဒီယာတာဝန်ခံ ကိုအေဇော်က ပြောဆိုသည်။
လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်းသည် နေရှင်နယ်လိဂ်စတင်ခဲ့သည့် ၂၀၀၉ခုနှစ်ကတည်းက ရန်ကုန်ယူနိုက်တက်တွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ နေရှင်နယ်လိဂ်ဖလား ငါးကြိမ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နှစ်ကြိမ်ရရှိထားသူဖြစ်သည်။
ယခုနှစ်ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့၍ ရန်ကုန်ယူနိုက်တက်မှ စာချုပ်ဖျက်သိမ်းခဲ့ သည်။
ဇွဲကပင်ယူနိုက်တက်သည် ကြည်လင်းအပြင် ကင်မရွန်းတိုက်စစ်မှူး ရာစင်နှင့် ဂျပန်ကွင်းလယ်လူ ရှီမိုနိုတို့အား ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်းလည်း သိရသည်။















