နေပြည်တော် တပ်ကုန်းမြို့နယ်၌ နတ်ဝင်ပူးကာ ရွှေထည်ပစ္စည်းအတုများ တူးဖော်၍ ကျပ်သိန်း ၃၀၀ ကျော် လိမ်လည်ရယူခဲ့သည်ဆိုသူ အမျိုးသမီးကို ဇွန် ၁၄ ရက်က အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာနေ အသက် ၄၈ နှစ်အရွယ် တိုင်တန်းသူအမျိုးသမီးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ မှစ၍ အနော်ရထာရပ်ကွက်နေ မခင်သက်နွယ်(ခ)မနွယ် (၄၃)နှစ် နှင့် ခင်မင်ရင်းနှီးခဲ့ ကြောင်း၊ စက်တင်ဘာ ၁၅ ရက်မှစတင်၍ မခင်သက်နွယ်(ခ) မနွယ်က နေအိမ်သို့ ရောက်ရှိ လာပြီး ဘိုးဘွားပိုင်အမွေများ သိုက်များထံမှ ရမည်ဟု ပြောဆိုကာ ပွဲတော်ခ ကျပ် ၁ သိန်းခွဲကို တောင်းယူခဲ့သည်။
ထု့ိနောက် တိုင်တန်းသူပိုင် ယာကွက်အတွင်းသို့ တူးဖော်ရာ ရွှေလက်ကောက်များနှင့် ရွှေဆွဲကြိုး များ တူးဖော်ရရှိခဲ့သည်။
၎င်းနောက် မခင်သက်နွယ်(ခ)မနွယ်က နေအိမ်သို့အကြိမ်ကြိမ် လာရောက်ခဲ့ပြီး နတ်ပူး၍ နေအိမ်ရှိ ခြင်းများ၊ ဘုရားစင်ပေါ်တို့မှ ရွှေထည်များကို ရရှိစေခဲ့သည်။
ထို့ပြင် တိုင်တန်းသူပိုင်ဆိုင်သည့် ယာကွက်အတွင်း တို့မှ ရွှေရောင် တဘက် ၁ ထည်၊ လိပ်ပြာပုံခါးပတ်ခေါင်းနှင့် ချိတ်ပါရွှေရောင်ခါးပတ် ၃ ခု၊ ရွှေရောင် စလွယ် ၁ ခု၊ ရွှေရောင်ဘယက် ၂ ခု၊ ရွှေရောင်လင်ပန်း ၁ ချပ်၊ ရွှေရောင်ခေါင်ဖီး ၂ ခု၊ ရွှေဆွဲကြိုး ၁၉ ကုံး၊ ရွှေရောင်ဆံထိုး ၁ ခု၊ ရင်ထိုး ၁ ခု၊ ရွှေရာင်ဆံကုပ်ရောရာ ၇ ခု၊ ဆွဲသီး/ဆွဲပြား ၃၀ ခု၊ ကြေးခရား ၁ ခု၊ ရွှေလက်စွပ် ၄၅ ကွင်း၊ နားကွင်းရောရာ ၁၅ ခု၊ ဟန်းချိန်း ၇ ခု၊ လက်ပတ်နာရီ ၁ လုံး၊ လက်ကောက် ၁၆၀ ကွင်း၊ အရှင်သီဝလိပုံတော် ၁ ဆူ၊ ဘုရား ၂ ဆူ၊ လက်ဖွဲ့ကြိုး ၁ ခု၊ အလှူလုပ်ပါ စာတမ်းပါ သုံးထပ်သားပြား ၁ ခု၊ ပလတ်စတစ်ဗူး ၁ ဗူး၊ ဗမာဆေးမှုန့်ထုပ် ၈ ထုပ်တို့ကို အကြိမ် ၄၀ ခန့်တူးဖော် ရရှိစေခဲ့သည်။
ယင်းသို့ တူးဖော်ခအဖြစ် ကျပ် ၃၀၀ သိန်းပေးခဲ့ရပြီး ယခု နှစ် ဇွန် ၁၂ ရက်တွင် အဆိုပါရွှေထည်ပစ္စည်းများကို ရွှေဆိုင်၌ စစ်ဆေးခဲ့ရာ ရွှေအတုများဖြစ် ကြောင်းသိရှိရသည်ဆိုကာ သက်ဆိုင်ရာသို့ ဇွန် ၁၄ ရက်တွင် လာရောက် တိုင်ကြားခဲ့သည်။
ရွှေမြို့နယ်မြေရဲစခန်းက (ပ)၃၆၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















