အသက်နှစ်နှစ်မပြည့်သေးသူကလေးကို အဓမ္မပြုကျင့်သူအား အရေးယူ

အသက်နှစ်နှစ်မပြည့်သေးသူကလေးကို အဓမ္မပြုကျင့်သူအား အရေးယူ

ရွှေပေါက္ကံမြို့နယ်တွင်အသက်နှစ်နှစ်မပြည့်သေးသူကလေးကို အဓမ္မပြုကျင့်ခဲ့သူအား သက်ဆိုင်ရာက ဇွန် ၁၆ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။

ဇွန် ၁၅ ရက်ည ၁၂ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့နယ်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့်အတူ ဘုန်းကြီးကျောင်းလမ်းရှိမော်ကျွန်းကျောင်းဝင်းအတွင်း ရေသန့်ဗူးများဆေးကြောနေစဉ် အသက်လေး နှစ်အရွယ်သားဖြစ်သူနှင့် အသက်တစ်နှစ်ကိုးလအရွယ် သမီးဖြစ်သူတို့ကို ကျောင်းတိုက်ရှိ ရုံးခန်းတွင် အိပ်စေခဲ့သည်။

အလုပ်လုပ်သည့်နေရာနှင့် ကလေးငယ်နှစ် ဦးအိပ်နေသည့် နေရာမှာ ပေ ၈၀ ခန့်ကွာဝေးပြီး နံနက် ၁ နာရီခွဲတွင် အလုပ်ပြီးဆုံးသဖြင့် ဇနီးဖြစ်သူနှင့် အတူ ကလေးငယ်များအိပ်နေသည့် ရုံးခန်းသို့ သွားကြည့်ရာ သမီးဖြစ်သူပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် ကျောင်းတိုက်အတွင်း လိုက်လံရှာဖွေခဲ့သည်။

မော်ကျွန်းဘုန်းကြီးကျောင်း အရှေ့ဘက် ကိုက် ၁၅၀ ခန့်အကွာကိုင်းတောအတွင်း ကလေးငယ်တစ်ဦးကို မတ်တပ်ရပ်လျက်တွေ့ရှိကြောင်း နံနက် ၉ နာရီခွဲခန့်တွင် သတင်းရရှိသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ သမီးဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

သမီးငယ်၏ခန္ဓာကိုယ်တွင် ခြင်နှင့်ဖြုတ်များကိုက်ထားသဖြင့် ရန်ကင်းကလေးဆေးရုံသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့ရာ ကလေးငယ်တွင် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိကြောင်း ဆရာဝန်ကြီးများက ပြောပြသဖြင့် မိဘနှစ်ဦးက သိရှိခဲ့သည်။

ပစ္ဆိမာရုံကျောင်းတိုက်မှ ကိုရင်ကြီး(ခ) ဥူးဥတ္တရက သမီးဖြစ်သူကို ကျောင်းဝင်းပြင်ပသို့ နေ့စဉ်၄/၅ ကြိမ်ခန့် ခေါ်ယူသွားတတ်ကြောင်း၊ပြီးခဲ့သည့် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကိုရင်ကြီး (ခ) ဥူးဥတ္တရက သမီးငယ်ကိုကျောင်းဝင်းပြင်ပသို့ ခေါ်ယူသွားပြီး ပြန်လာစဉ် မိန်းမကိုယ်တွင်း၌ပွန်းပဲ့နေသည်ကိုတွေ့ရပြီး သမီးဖြစ်သူမှာ ဆီးသွားသည့် အခါတိုင်းငိုနေသည်ကို သတိထားမိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆရာဝန်ကြီးများ၏ စစ်ဆေးပေါ်ပေါက်ချက်၊ ကြုံတွေ့နေရသည့် ဖြစ်စဉ်များအရ သမီးဖြစ်သူကို အဓမ္မပြုကျင့်သူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ(ခ) ဇေယျာလင်း (၃၉ နှစ်) ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရွှေပေါက္ကံမြို့မရဲစခန်းက (ပ) ၅၉၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ ကိုလူဝတ်လဲဖမ်းဆီးကာ ဆက်လက်စစ်ဆေး လျက်ရှိသည်။