ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၁၈ရက်(ယနေ့)တွင် စတင်ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုကလပ် MIU ဖူဆယ်အသင်းသည် မလေးရှားကလပ် မလက္ကာယူနိုက်တက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရည်မှန်း
MIU ဖူဆယ်အသင်းသည် ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ ဇွန် ၁၃ရက်က ကြိုတင်ထွက်ခွာခဲ့ပြီး ဗန်ကောက်ဘီတီအက်စ်၊ ဟောင်ရန်တခမ်းအသင်းတို့နှင့် ခြေစမ်းခဲ့ရာ နှစ်ပွဲစလုံးရှုံးနိမ့်ထားခဲ့သည်။ MIUဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၅ခုနှစ်က စတင်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် တတိယဆုဆွတ်ခူး နိုင်ခဲ့ကာ ယခုနှစ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲအထိတက်လှမ်းရန် ရည်မှန်းလျက်ရှိနေသည်။
ပစ်မှတ်ထား
" အုပ်စုတွင်းနှစ်ပွဲစလုံကိုအနိုင်ယူပြီး အုပ်စုဗိုလ်နဲ့ ဆီမီးဖိုင်နယ်တက်အောင် ကြိုးစားမှာပါ။ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့အသင်းက အမြင့်ဆုံး တတိယဆုပဲရခဲ့ဖူးတယ်။ ဒီနှစ်မှာတော့ ဗိုလ်လုပွဲထိ တက်နိုင်ဖို့ ပစ်မှတ်ထားပါတယ်" ဟု MIU ဖူဆယ်အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောဆိုခဲ့သည်။
သုံးသပ်
MIU ဖူဆယ်အသင်းကစားသမား ခင်ဇော်လင်းကလည်း ယနေ့ယှဉ်ပြိုင်မည့် ပွဲဦးထွက်ပွဲစဉ်ဖြစ်သည့် မလက္ကာယူနိုက်တက်နှင့်ပွဲမှာ အရေးကြီးပြီး အနိုင်ရခဲ့ပါက ဆီမီးဖိုင်နယ်တက်ရန် သေချာသလောက်ရှိပြီဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ခင်ဇော်လင်းသည် ထိုင်းဖူဆယ်လိဂ်ကလပ် ဆူရတ်ဌာနီအသင်းတွင် ရာသီဝက် အငှားသွားရောက်ကစားခဲ့ပြီး နောက် မိခင်ကလပ် MIU အသင်းနှင့် ဇွန်၁၀ရက်က ပြန်လည်ပူးပေါင်းခဲ့သည်။
အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၁၈ရက်မှ ၂၃ရက်အထိ ကျင်းပမည်ဖြစ်ပြီး MIU အသင်းမှာ ယနေ့တွင် မလက္ကာယူနိုက်တက်၊ ဇွန် ၂၀ရက်တွင် ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်းစပေါ့အက်ဖ်စီတို့နှင့် အုပ်စုပွဲစဉ်များယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်ပွဲစလုံးကို ဒေသစံတော်ချိန် ညနေ ၄နာရီ၌ ကျင်းပမည်ဖြစ်သည်။















