ခရီးသည်တင်ယာဉ်တစ်စီး၏ဘေးခုံ၌ လိုက်ပါလာသူက လက်တော့ပ်နှင့်ငွေများခိုးယူမှု ရှမ်းပြည်နယ် ကလောမြို့တွင် ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ဖြူစခန်းနေထိုင်သူ ကိုရဲထွန်းခိုင်သည် ဇွန် ၁၅ ရက်ညပိုင်းတွင် ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်မှ တောင်ကြီးသို့လိုက်ပါလာခဲ့ပြီး ည ၁၂ နာရီတွင် အိပ်ပျော် သွားခဲ့သည်။
နံနက် ၆ နာရီခန့်တွင် ကလောမြို့သို့ အဝင် အိပ်ရာမှနိုး၍ ထိုင်ခုံနှင့်ကပ်လျက်ချထားသည့်အိတ်ကိုကြည့်ရာ မြန်မာငွေ၊နိုင်ငံခြားငွေနှင့် လက်တော့ပ်တစ်လုံး စုစုပေါင်းကျပ် ၃,၂၁၃,၉၈၄ သိန်းဖိုးခန့် ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့ကို အကူအညီ တောင်းခံခဲ့ပြီး ကလောမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ တိုင်ကြားသူနှင့် အတူ ဘေးချင်းကပ်ခုံ၌လိုက်ပါစီးနင်းလာသူ ဦးတင်အေး(၆၃ နှစ်)ထံမှ ပျောက်ဆုံးနေသည့် ငွေများနှင့် လက်တောပ့်တို့ကို တွေ့ရှိခဲ့သည်။
ကလောမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ ဦးတင်အေးကို အမှုဖွင့်အရေးယူထားသည်။

















