သမီးရည်းစားစုံတွဲအနက် အမျိုးသားကိုရိုက်ကာ အမျိုးသမီးကို အဓမ္မပြုကျင့်

သမီးရည်းစားစုံတွဲအနက် အမျိုးသားကိုရိုက်ကာ အမျိုးသမီးကို အဓမ္မပြုကျင့်

မှော်ဘီမြို့နယ် ဆပ်သွားတောအုပ်စု ရဲဘော်ဈေး ပန်းခြံတွင် စကားထိုင်ပြောနေသည့် သမီးရည်းစားစုံတွဲအနက် အမျိုးသားကို တုတ်ဖြင့်ရိုက်ကာ အမျိုးသမီးကိုအဓမ္မပြုကျင့်သူ နှစ်ဦးကို သက်ဆိုင်ရာက ယနေ့ ဇွန် ၁၇ ရက်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် ခရမ်းမြို့နေ အမျိုးသားတစ်ဦးသည် မှော်ဘီမြို့နယ် ဆပ်သွားတောအုပ်စု ရဲဘော်ဈေးပန်းခြံ၌ အသက် ၂၃ နှစ်အရွယ် ရည်းစားဖြစ်သူ(မှော်ဘီမြို့နယ်နေ)နှင့် စကားထိုင်ပြောနေစဉ် အမည်မသိ အမျိုးသားနှစ်ဦး ရောက်လာပြီး လူငယ်အမျိုးသားကိုနောက်မှ တုတ်ဖြင့်ရိုက်ခဲ့သည်။

ထို့နောက်တိုင်ကြားသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို ဓားဖြင့်ထောက်ကာ ရဲဘော်ဈေးပန်းခြံ မျက်နှာချင်း ဆိုင်လမ်းနံဘေးရှိ တောအတွင်းခေါ်ဆောင်သွားပြီး တစ်ယောက်တစ်လှည့်စီအဓမ္မပြုကျင့်ခဲ့ကြောင်း အမျိုးသမီးက မှော်ဘီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

" ပြစ်မှုကျူးလွန်သူနှစ်ဦးကို လောလောဆယ် စစ်ဆေးနေတုန်းပါပဲ။ ပြစ်မှုကျူးလွန်သူတွေက လူငယ်တွေပါ။အဲဒီကောင်လေးနှစ် ယောက်စလုံးက ရဲဘော်ဈေးနားမှာ ဆိုင်ကယ်ကယ်ရီ ဆွဲကြတဲ့ သူတွေပါ" ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်သူ ဇော်ရဲ ၂၄နှစ် ကို နံနက် ၉ နာရီတွင် လည်းကောင်း၊ ခင်ဇော်၂၁နှစ်ကို မွန်းတည့် ၁၂ နာရီတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

မှော်ဘီမြို့မရဲစခန်းက ၄င်းတို့ နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၂၅/၁၁၄ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။