ယာဉ်တိုက်မှုဖြင့်သေသူအလောင်းကိုဆေးရုံပို့စစ်ဆေးခဲ့ရာ သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်းပေါ်ပေါက်

ယာဉ်တိုက်မှုဖြင့်သေသူအလောင်းကိုဆေးရုံပို့စစ်ဆေးခဲ့ရာ သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်းပေါ်ပေါက်

ယာဉ်တိုက်မှုဖြင့်သေဆုံးသူ၏အလောင်းကို ဆေးရုံသို့ပို့၍ စစ်ဆေးရာမှ သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်ဖြစ်စဉ် ဘားအံမြို့တွင် ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ဇွန် ၁၅ ရက်ည ၁၀ နာရီခွဲခန့်တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် ဘားအံမြို့ ဝင်/ထွက် ဂိတ်၌ ယာဉ်စစ်ဆေးမှုဆောင်ရွက်နေစဉ် အိန္ဒု- ဘားအံ ကားလမ်း တံတား အမှတ် ၁/၈ တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ နေရာတွင် Crown Majesta ယာဉ်မှာ လမ်းဘေးသို့ထိုးကျနေပြီး ယာဉ်ပေါ်ရှိ ဘားအံမြို့ လှာကဒေါင်ကျေးရွာအုပ်စုရေကျော်ရပ်ကွက်နေ ယာဉ်မောင်း ကိုရာဇာ (၃၉ နှစ်)၌ ဦးခေါင်းနောက်စေ့ပေါက်၊ နှာခေါင်းပါးစပ်သွေးထွက်၊ ဝဲနား၊ပခုံးလက်မောင်းဖူးယောင်ဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ယင်းယာဉ်ပေါ်တွင် BGF တံဆိပ်ပါ ဗိုလ်မှူးအဆင့်ရာထူးတံဆိပ်တပ်ဆင်ထားသည့် ပျောက်ကျား အင်္ကျီတစ်ထည်၊ ဗိုလ်မှူးအဆင့်ရာထူးတံဆိပ်တပ်ဆင်ထားသည့် စစ်အင်္ကျီတစ်ထည်နှင့် သေနတ်အိတ်ခွံတစ်ခုတို့ကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့သည်။

သေဆုံးမှုနှင့်ပတ်သက်၍ အိန္ဒုနယ်မြေရဲစခန်းက(ပ)၁၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ကာ သေဆုံးသူကို ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့သည်။

သေဆုံးမှုနှင့်ပတ်သက်၍ ပြည်နယ်မှုခင်းဆရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၏ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူတွင် ဝဲနားထင်မှ ကျည်ပေါက်ဝင်ဒဏ်ရာ၊ဦးခေါင်းခွံကွဲအက်ဒဏ်ရာနှင့်ဦးခေါင်းအတွင်းမှ ကျည်ထိပ်ဖူးတစ်ခုတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။