မန်ယူအသင်း တာဝန်ရှိသူများက ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား တစ်ပတ် လုပ်ခ ပေါင်ငါးသိန်းပေး၍ စာချုပ်သစ်ချုပ် ဆိုရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက အခိုင်အမာဖော်ပြခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူ ပေါ့ဘာသည် လက်ရှိ အချိန်တွင် ပရိုမိုးရှင်းအစီအစဉ်တစ်ခုအရ အာရှသို့ရောက်ရှိနေသည်။
တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့သော ပေါ့ဘာက စိန်ခေါ်မှုသစ်များကို အလိုရှိနေကြောင်းပြော ဆိုကာ မန်ယူအသင်းမှထွက်ခွာရန် အရိပ် အမြွက်ဖွင့်ဟခဲ့သည်။ ပေါ့ဘာသည် မန်ယူ ကစားသမားဘဝ ၂ဝ၁၈-၁၉ ဘောလုံးရာသီ တွင် ဂိုးအများဆုံးသွင်းခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ သည်။ သို့သော် ပေါ့ဘာသည် ဘောလုံးရာသီ ကုန်ဆုံးခါနီးအချိန် အကောင်းဆုံးခြေစွမ်း မပြနိုင်ခဲ့၍ ဝေဖန်မှုများခံခဲ့ရသည်။ ပေါ့ဘာအနေဖြင့် မန်ယူမှထွက်ခွာမည်ဟု ယူဆရသည်။
ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်တို့က ပေါ့ဘာအားခေါ်ယူရန် စောင့်ကြည့်နေသည့်အချိန် မန်ယူအသင်းက ပေါ့ဘာအား လုပ်ခ လစာပိုပေးပြီး အသင်း၌ဆက်ထိန်းရန် ပြင် ဆင်ထားခြင်းဖြစ်သည်။ ပေါ့ဘာသည် လက်ရှိ ၌ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၉ သောင်း အကျိုးခံစားခွင့်ရှိနေပြီး မန်ယူနှင့်ချုပ်ဆိုထား သောစာချုပ်အရ နှစ်နှစ်သက်တမ်းကျန်ရှိနေ သည်။
မန်ယူအသင်းအနေဖြင့် တစ်ပတ်ပေါင် ၅ သိန်းပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခြင်း အားဖြင့် ပေါ့ဘာကိုထိန်းနိုင်မည်ဟု ယုံကြည် ထားသည်။
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်အသင်း ၏ ပစ်မှတ်ပင်ဖြစ်နေသော အင်္ဂလန်တိုက်စစ် မှူး ရက်ဖို့ဒ်ကိုလည်း တစ်ပတ်ပေါင် ၃ သိန်း ပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသည်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ရက်ဖို့ဒ် က လက်ရှိတွင် တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းရရှိနေသည်။ မန်ယူတိုက်စစ်မှူးများ ဖြစ်သည့် လူကာကူနှင့် ဆန်းချက်ဇ်တို့၏ အနာဂတ်မှာမူ သေချာခြင်းမရှိပေ။ ဘယ်လ် ဂျီယံနည်းပြ မာတီနက်က လူကာကူအား မန် ယူမှထွက်ခွာရန် အကြံပြုထားသည်။















