မန္တလေးကန်တော်ကြီးပတ်လမ်းတွင် ဓားထောက်လုယက်သူလေးဦးကို ဖမ်းမိ

မန္တလေးကန်တော်ကြီးပတ်လမ်းတွင် ဓားထောက်လုယက်သူလေးဦးကို ဖမ်းမိ

မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းတွင် လင်မယားနှစ်ဦးကို ဓားထောက်လုယက်သူလေးဦးအား သက်ဆိုင်ရာက ဇွန် ၁၈ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။

ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် ည ၁၀ နာရီခွဲတွင် မန္တလေးမြို့နေ ဦးချစ်ကိုကိုအောင်နှင့်ဇနီး မသူဇာဝင်းတို့စီးနင်းကာ ဦးထွန်းဦးမောင်းနှင်သည့် Honda Fit အဖြူရောင်ယာဉ်သည် ကန်တော်ကြီးပတ်လမ်းကော်ဖီချိုချိုဆိုင်အနီးအရောက်ဝဲဘက်နောက်ဘီးပေါက်ခဲ့သည်။
ဘီးပေါက်သဖြင့် ယာဉ်မောင်းဦးထွန်းဦးက ဘီးကိုဖြုတ်ပြီး ဘီးဖာသည့်နေရာသို့သွားရောက်စဉ် ဦးချစ်ကိုကိုနှင့် ဇနီးမသူဇာဝင်းတို့က ယာဉ်အနီး စောင့်နေခဲ့သည်။

ထို့နောက် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိလူလေးဦး ရောက်လာပြီး ဦးချစ်ကိုကိုနှင့်ဇနီးတို့အား ဓားထောက်၍ လက်ကိုင်ဖုန်းနှစ်လုံးကို လုယူထွက်ပြေးသွားသောကြောင့် အရေးယူပေး ရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ အမှတ်( ၁၀ )မြို့မရဲစခန်းမှ တာဝန်ရှိသူအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး မှု/ကူဌာနစိတ်မှ တာဝန်ရှိသူအဖွဲ့တို့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းခဲ့သည်။

ထိုသို့ စုံစမ်းခဲ့ရာ ဇွန် ၁၈ ရက်တွင် ကန်တော်ကြီးပတ်လမ်းရှိ BAR စားသောက်ဆိုင်၌ မသင်္ကာဖွယ်လူလေးဦးရောက်ရှိနေကြောင်းသတင်း ရရှိသဖြင့် အဆိုပါလူလေးဦးကိုခေါ်ယူစစ်ဆေးခဲ့သည်။

၎င်းတို့ထံမှ အရိုးအသွား ၂၉ လက်မခန့်ငှက်ကြီးတောင် ဓားရှည်တစ်ချောင်း၊ Honda Scoopy အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ် စီး၊TrickerYAMAHAနက်ပြာရောင်ဆိုင်ကယ်တစ်စီးတို့ကိုသိမ်းဆည်းရမိခဲ့သည်။

၄င်းတို့ကိုစစ်ဆေးချက်အရ ကန်တော်ကြီးပတ်လမ်းတွင် လင်မယားနှစ်ဦးထံမှ လက်ကိုင်ဖုန်းကို ဓားထောက်လုယက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အမှတ် ( ၁၀ )မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရ အမှုဖွင့်အရေးယူထားသည်။