လှိုင်သာယာဆေးရုံတွင် လူနာက ကတ်ကြေးဖြင့်လိုက်ထိုးသဖြင့် ခြောက်ဦးဒဏ်ရာရ

လှိုင်သာယာဆေးရုံတွင် လူနာက ကတ်ကြေးဖြင့်လိုက်ထိုးသဖြင့် ခြောက်ဦးဒဏ်ရာရ

လမ်းပေါ်တွင် ဒဏ်ရာဖြင့်လဲကျနေသူကို ဆေးကုသပေးရန် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အဆိုပါဒဏ်ရာရလူနာက ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသူများကို  ကတ်ကြေးနှင့် အကြောင်းမဲ့လိုက်ထိုးသဖြင့် ခြောက်ဦးဒဏ်ရာရရှိမှု ယနေ့ ဇွန် ၁၉ ရက်ကဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၃ နာရီခန့်တွင် လှိုင်သာယာမြို့နယ်ဆေးရုံ၌ လူနာအမျိုးသားက ဆေးရုံဝန်ထမ်းများကို ကတ်ကြေးဖြင့် ထိုးကြောင်းသတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။

ကတ်ကြေးဖြင့်ထိုးသူသည် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာနေ ကျော်မိုး (၃၈ နှစ်)ဖြစ်ပြီး ၄င်းမှာ နံနက် ၂ နာရီ ၄၅ မိနစ်တွင် (၈) ရပ်ကွက် မကွေးလမ်းရှိ စိန်အောင်မင်းဘီယာဆိုင်ရှေ့ လမ်းပေါ်၌ လဲကျနေသည်ကို လှည့်ကင်းအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၄င်းတွင် ယာပါးစုတ်ပြဲ၊ ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာများရရှိထားသဖြင့် ဆေးကုသရန် လှိုင်သာယာဆေးရုံ ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့ဝင်က ရဲဆေးစာရေးပေးခဲ့သည်။

ထိုသို့ ရဲဆေးစာရေးပေးနေစဉ် ဆေးရုံဝန်ထမ်း အောင်လင်းထက်က ဒဏ်ရာရရှိသူ ကျော်မိုးကို ဆေးထည့်ရန်အတွက် ဆေးကြောခဲ့သည်။ထိုစဉ် ကျော်မိုးက ရုတ်တရက်ကုတင်ပေါ်မှထထိုင်ပြီး ဒဏ်ရာဆေးကြောနေသည့် စတီးဗန်းအတွင်းမှ ကတ်ကြေးကို ဆွဲယူကာ အနီးရှိသူများကို အကြောင်းမဲ့လိုက်ထိုးခဲ့သောကြောင့် ရဲတပ်ကြပ်မျိုးမြင့်ဦးတွင် ကျောကုန်းထိုးသွင်းဒဏ်ရာ၊ရဲတပ်ကြပ် အောင်ဇော်ထွန်းတွင် ယာနံစောင်းထိုးသွင်း၊ယာလက်ဖျံပြတ်ရှ၊အမျိုးသားသူနာပြုအောင်လင်းထက်တွင် ဝဲလက်မောင်းထိုး သွင်းဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် အနီးတွင်ရှိနေပြီး ဆေးဝါးကုသမှုခံယူနေသူ လှိုင်သာယာမြို့နယ်နေ မပြည့်ကျော်နိုင်(၃၁ နှစ်) ၊ လှိုင်သာယာမြို့နယ်နေ ဦးဝင်းဗိုလ်(၄၅ နှစ်)နှင့် စိုးသူရအောင်(၃၀ နှစ်)တို့တွင်လည်း ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်းက ကျော်မိုးကို (ပ)၃၆၅၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃/၃၂၄ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။