ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရွှေ ၁၀ ကျပ်သားကံစမ်းမဲပေါက်သည်ဟုဆိုကာ ကျပ်တစ် သိန်းလိမ်လည်ရယူခဲ့သူကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
ဖြစ်စဉ်မှာ ဇွန် ၁၄ ရက် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၀၇)ရပ်ကွက်နေ ဦးဝင်း မောင် (၅၉)နှစ်နေအိမ်၌ရှိနေစဉ် ရွှေ (၁၀) ကျပ်သား ကံစမ်းမဲပေါက်သဖြင့် လူတစ်ဦးလာပို့မည် ဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ အောင်ကိုကိုမောင် (၃၀)နှစ်က ပြောဆိုခဲ့သည်ဟု ဆိုသည်။
ရွှေ (၁၀) ကျပ်သားလာပို့သူကို ဝန်ဆောင်ခစရိတ် (၉၈,ဝ၀ဝ) ကျပ်နှင့် ပစ္စည်းပို့ခ (၂,ဝ၀ဝ)ကျပ် စုစုပေါင်း (၁၀ဝ,ဝ၀ဝ)ကျပ် ပေးရမည်ဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ အောင်ကိုကိုမောင် ကဆက်လက်ပြောကြားရာ မသင်္ကာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြားခဲ့သည်။
ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် လူငယ်တစ်ဦးက နေအိမ်သို့ ပစ္စည်းထုပ်လာပို့ကာ ငွေ(၁၀ဝ,ဝ၀ဝ)ကျပ် တောင်းခံသဖြင့် ပေးအပ်လိုက်ပြီး ၎င်းလူငယ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်၍ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရှေ့မှောက်တွင် ပစ္စည်းထုပ်ကို ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
ရွှေအတုများဖြင့်ပြုလုပ်ထားသော နားဆွဲတစ်ရံ၊ လက်စွပ်တစ်ကွင်း၊ ဆွဲသီးပါ ဆွဲကြိုးအသေးတစ်ကုံး၊ ဟန်းချိန်းအသေးတစ်ခုတို့အား ပစ္စည်းထုပ်အတွင်း တွေ့ရှိရပြီး ပစ္စည်းလာပို့သူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက် နေ ထက်ဝှန်းကျော် (၂၃)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ဒဂုံတောင်မြို့မရဲစခန်းက(ပ)၂၆၂၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ အမှုဖွင့်အရေးယူထားသည်။
















