ရွေးကောက်တင်မြှောက်ပွဲစနစ်ဖြင့် မဟုတ် ဘဲ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဆို၍ ပေါ်ပေါက် လာခြင်းကို မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က သိရှိခြင်းမရှိဘဲ အားကစားနည်းတစ်ခုတည်း ၌ အဖွဲ့ချုပ်နှစ်ခုဖွဲ့ခြင်းမှာ လုံးဝမဖြစ်သင့်သော ကြောင့် အဆိုပါအဖွဲ့ချုပ် ပေါ်ပေါက်လာခြင်း အတွက် နိုင်ငံတော်သမ္မတရုံးအပါအဝင် တိုင် ကြားအသိပေးသင့်သည်များထံ ကန့်ကွက် တိုင်ကြားစာများ ပေးပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်က ဇွန် ၁၈ ရက်က ထုတ်ဖော် ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲ
၁၉၅၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်သည် ၎င်းတို့၏ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး သတင်း စာရှင်းလင်းပွဲကို မေ ၁၈ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့စင်ထရယ်ဟိုတယ်၌ ကျင်းပ ခဲ့စဉ် (အပေါ်ယာပုံ)မီဒီယာများ၏မေးမြန်းမှုကို ဦးရဲအောင်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ "၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ မှာ ရွေးကောက်တင်မြှောက်ပွဲလုပ်ခဲ့ပါတယ်။ ဦးစိုးနိုင်ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးသက်လွင် ဦးဆောင်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ပြိုင်ခဲ့တာမှာ ၃၁ မဲစီရခဲ့ကြလို့ ကြီးကြပ်မှုကော်မရှင်က ဒုတိယအကြိမ်ရွေးကောက်ပွဲ ပြန်လုပ်မယ်လို့ ခေါ်ယူဆွေးနွေးခဲ့တာကို ကျွန်တော်တို့နှစ်ဖွဲ့ စလုံး သဘောတူလက်ခံခဲ့ကြတယ်။ အဲဒီသဘော တူမှုအရပဲ ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ ပြန်လုပ်ခဲ့ကြပါတယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။
တရားဝင်
ဒုတိယအကြိမ်ပြုလုပ်သော ရွေးချယ်တင် မြှောက်ပွဲကို ကြီးကြပ်မှုကော်မရှင်အဖွဲ့က ဦးစီးကြီးကြပ်၍ လုပ်ပေးခဲ့ခြင်းဖြစ်သော်လည်း ဦးသက်လွင်ဦးဆောင်သောအဖွဲ့သည် ရွေး ကောက်ပွဲဝင်ရန် လျှောက်လွှာပုံစံများ ထုတ် ယူပြီးမှ ကြီးကြပ်မှုကော်မရှင်အဖွဲ့အား အယုံ အကြည်မရှိဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သဖြင့် ဦးစိုးနိုင်ဦးဆောင်သော အဖွဲ့ချုပ် ကို စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကြီးကြပ်မှုကော်မရှင်က တရားဝင် ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်ပေးခဲ့သည်။
"ကြီးကြပ်မှုကော်မရှင်အဖွဲ့ဆိုတာ အရင် အား/ကာညွှန်ချုပ်ဟောင်း ဦးအောင်ဒင်တို့လို အများလေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့ပါ။ ဒီအဖွဲ့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တာ ပါ။ အခု ဒုဝန်ကြီးတောင် အရင်ကဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီလို အဖွဲ့က တရားမျှတစွာဆုံးဖြတ်ပြီး ပွင့်လင်း မြင်သာစွာနဲ့ ကျွန်တော်တို့အဖွဲ့ချုပ် ရွေး ကောက်ပွဲကို ဦးစီးကြီးကြပ်ခဲ့တာပါ"ဟု မြန်မာ တိုင်းမ်နေ့စဉ်၏သီးခြားမေးမြန်းမှုကို ဦးရဲ အောင်က ပြန်လည်ဖြေဆိုခဲ့သည်။
မူဝါဒ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအား လုံး၏ အလုပ်အမှုဆောင်အဖွဲ့များကို ရွေးချယ် တင်မြှောက်ပွဲစနစ်ဖြင့် ဖွဲ့စည်းရေးသည် မြန်မာ နိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ တိကျခိုင်မာသော ပေါ်လစီမူဝါဒတစ်ခုဖြစ်ကြောင်း၊ ယင်းမူအရ အားကစားအဖွဲ့ချုပ် ၄၄ ဖွဲ့စလုံးကို ရွေးချယ် တင်မြှောက်ပွဲ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယင်း သို့ဖြစ်ပါလျက် ရိုးရာခြင်းလုံးအဖွဲ့ချုပ်ကဲ့သို့ မည်သူများ ပါဝင်စေသတည်းဆိုပြီး အမိန့်စာ ဖြင့် အဖွဲ့ချုပ်တစ်ခုဖွဲ့စည်း၍ ရပါသလော မေးမြန်းချင်ပါကြောင်း၊ အကယ်၍ ရသည်ဆို ပါက ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် အဖွဲ့ချုပ် ၄၄ ဖွဲ့ကို စော်ကားရာ၊ ပြက်ရယ်ပြုရာ ရောက် လိမ့်မည်ဖြစ်ကြောင်း ဦးရဲအောင်က ဆက် လက်ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ကစားနည်းမှာ ဒီလိုပေါ် လာလို့ ပြောတာမဟုတ်ဘူးဗျ၊ ဘယ်ကစား နည်း ဘယ်အဖွဲ့ချုပ်မှာမှ ဒီလိုမျိုးမဖြစ်သင့် ဘူး။ ကိုယ်ပါဝင်စေချင်တဲ့သူတွေနဲ့ ဒီလိုအဖွဲ့ ချုပ်တစ်ခု ပါဝင်စေသတည်းလို့ အမိန့်စာနဲ့ ဖွဲ့ချင်ရင် စကတည်းက အဲဒီစနစ်ကိုသုံး၊ ရွေး ကောက်ပွဲစနစ်မလုပ်နဲ့။ ရှင်းနေတာပဲ။ အခု အမိန့်စာနဲ့ ဒီလိုလုပ်တော့ ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ အဖွဲ့ချုပ် ၄၄ ဖွဲ့စလုံးကို စော်ကား ရာ၊ ပြက်ရယ်ပြုရာရောက်တယ်လို့ ကျွန်တော် ထင်တယ်။ ဒီ့ထက်ဆိုးတာက ကြီးကြပ်မှုကော် မရှင်ကို အယုံအကြည်မရှိပါဘူးဆိုတဲ့သူတွေ ကို အမိန့်စာထုတ်ပေးတာပဲ။ ကြီးကြပ်မှုကော် မရှင်ဆိုတာ ဝန်ကြီးဌာနက ဖွဲ့ပေးထားတာ။ ဒီလိုအဖွဲ့ကို ယုံကြည်မှုမရှိပါဘူးဆိုတဲ့အဖွဲ့ကို အဖွဲ့ချုပ်အဖြစ် ဖွဲ့ပေးလိုက်တာဟာ ဝန်ကြီးဌာနကိုယ်တိုင် ကိုယ်ဖွဲ့ပေးထားတဲ့ အဖွဲ့အပေါ်ယုံကြည်မှု မရှိဘူးဆိုတဲ့သဘော သက်ရောက်မနေဘူးလား"ဟု ဦးရဲအောင်က မေးခွန်းထုတ်ခဲ့သည်။
အသိပေး
မြန်မာနိုင်ငံအိုလံပစ်ကော်မတီသည် ဧပြီ ၅ ရက်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော ဦးစိုးနိုင်ဦးဆောင်သည့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို မေလ ၁၈ ရက် နေ့စွဲဖြင့် အတည် ပြုမိန့်ထုတ်ပေးခဲ့သော်လည်း ရိုးရာခြင်းလုံး အဖွဲ့ချုပ် ဖွဲ့စည်းမှု ရုံးမိန့်စာကိုမူ မေ ၁၅ ရက်က ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ခြင်းလုံးအဖွဲ့ချုပ်နှင့်ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ကို အတူ တကွ ပေါင်းစည်းလက်တွဲလုပ်ရန် ဆွေးနွေး လာပါကလည်း မိမိတို့သည် ရွေးကောက်ခံ တရားဝင်အဖွဲ့ချုပ်ဖြစ်၍ လက်ခံနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့အပါအဝင် ဒုသမ္မတ ၁ နှင့် ၂ တို့အထိ တိုင်ကြား အသိပေးထားသည် မှာ မေ ၈ ရက်ကတည်းကဖြစ်ပြီး အကြောင်း ပြန်ကြားလာခြင်းမရှိသေးကြောင်း၊ သို့အတွက် ဆောင်ရွက်စရာများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဦးရဲအောင်က ရှင်းလင်းပြောကြားခဲ့သည်။















