အာမခံအကြောင်းဘာတွေသိထားဖို့လိုမလဲ

အာမခံအကြောင်းဘာတွေသိထားဖို့လိုမလဲ

အာမခံဆိုတာဘာလဲ……

အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြားဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစညး်တစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။

အာမခံထားတဲ့သူဘက်မှာထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကိုအာမခံကုမ္ပဏီဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်ကလစဉ်အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်းသိကြပါတယ်။

အာမခံအမျိုးအစားဘယ်နှစ်မျိုးရှိတာလဲ……

အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက ၂ မျိုးပဲရှိတာပါ။ ဒါကတော့
•    အသက်အာမခံနဲ့
•    အထွေထွေအာမခံဆိုပြီးတော့ပေါ့။

အသက်အာမခံဆိုတာက…….

အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံအမျိုးအစားပါ။ အာမခံထားသူသေဆုံးချိန်မှာအာမခံကုမ္ပဏီကကျန်ရစ်ခဲ့တဲ့ မိသားစုကိုအာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းအသက်အာမခံထားနိုင်ပြီးအာမခံကြေးထုတ်ပေးတဲ့မူဝါဒအရအသက်အာမခံကိုတစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။

Whole life Assurance(တစ်သက်တာအသက်အာမခံ) – ဒီအာမခံအမျိုးအစားကတစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူသေဆုံးချိန်မှာကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။

Term Life Assurance(အချိန်အပိုင်းအခြားအသက်အာမခံ) – ဒီအာမခံအမျိုးအစားကတော့ အရွယ်ရောက်ပြီးသူတိုင်းထားရှိနိုင်ပြီးအာမခံထားတဲ့ ကာလအပိုင်းအခြားအလိုက်ထုတ်ပေးတာပါ။ ဥပမာကိုယ်ကအသက်အာမခံကို ၁၀ နှစ် ထားမယ် ဒါမှမဟုတ် ၁၅ နှစ် ထားမယ်ဆိုပါစို့၊ ဒီကာလကုန်ဆုံးချိန်အထိကိုယ်ကထိခိုက်မှုတစ်စုံတရာမရှိဘူးဆိုရင် အာမခံကုမ္ပဏီဘက်ကလစဉ်ပေးသွင်းထားတဲ့ အသက်အာမခံကြေးတွေကို ပြန်ထုတ်ပေးမှာပါ။

အထွေထွေအာမခံဆိုတာက……

အာမခံအမျိုးအစားတော်တော်များများကဒီအလုံးစုံအာမခံထဲမှာအကျုံးဝင်နေတာပါ။ ဒီအာမခံအမျိုးအစားမှာတော့ အာမခံထားသူကသူပိုင်ဆိုင်တဲ့အရာတစ်ခုခုထိခိုက်ဆုံးရှုံးတိုင်းမှာအာမခံမူဝါဒနဲ့ ကိုက်ညီနေမယ်ဆိုရင်  အာမခံကြေးရရှိမှာပါ။ ဥပမာကားကိုအာမခံထားထားမယ်။ ကိုယ်ကယာဉ်မတော်တဆဖြစ်မယ်။ ကိုယ့်ကားရောတစ်ဖက်ကားပါ ထိခိုက်မိတယ်။ ဒီလိုအခြေအနေမှာအာမခံထားထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ကိုယ်ကပေးလျော်စရာမလိုဘဲအာမခံကုမ္ပဏီကပေးလျော်ပေးမှာပါ။

အထွေထွေအာမခံထဲမှာဘာတွေပါလဲ….

ဒီအာမခံအမျိုးအစားအောက်မှာအသက်အာမခံကလွဲလို့ ကျန်တဲ့အာမခံအမျိုးအစားအားလုံးပါပါတယ်။

မီးအာမခံ – ဒီသဘောတူညီချက်မှာတော့ အာမခံထားသူအပေါ် အာမခံကုမ္ပဏီကမီးဘေးကြောင့်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတစ်စုံတရာကိုပေးလျော်မယ်ဆိုတဲ့ ကတိကဝတ်ပါရှိပါမယ်။ အာမခံထားသူရဲ့ ပိုင်ဆိုင်မှုပစ္စည်းဖြစ်တဲ့ နေအိမ် ဒါမှမဟုတ် အခြားပိုင်ဆိုင်မှုတစ်ခုခုကမီးလောင်မှုကြောင့် ပျက်စီးခဲ့မယ်ဆိုရင် အာမခံကုမ္ပဏီဘက်ကဆုံးရှုံးမှုအတွက် သဘောတူထားတဲ့ ပမာဏအတိုင်းပေးလျော်မှာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းအာမခံ – ဒီအာမခံပဋိညာဉ်ကတော့အာမခံကုမ္ပဏီနဲ့  ရေယာဉ်ပိုင်ရှင်တွေ၊ ရေကြောင်းနဲ့ ကုန်စည်ပို့ဆောင်သူတွေကြားမှာထားရှိတဲ့ အာမခံအမျိုးအစားပါ။ ရေကြောင်းသွားလာပို့ဆောင်မှုအတွင်းပျက်စီးမှုတစ်စုံတရာရှိခဲ့ရင် သတ်မှတ်ထားတဲ့ အဖိုးစားနားအတိုင်းအာမခံကုမ္ပဏီဘက်ကပေးလျော်မှာဖြစ်ပါတယ်။ ဒီအာမခံထဲမှာမှ ကုန်စည်အတွက်ထားတဲ့ အာမခံ၊ ရေယာဉ်အတွက် သီးသန့်ထားတဲ့အာမခံနဲ့ တင်ဆောင်လာတဲ့ ကုန်စည်အတွက် ထားတဲ့ အာမခံဆိုပြီးအမျိုးမျိုးရှိနိုင်ပါတယ်။

Miscellaneous Insurance – အပေါ်ကအာမခံအမျိုးအစားတွေနဲ့မတူဘဲဆုံးရှုံးနစ်နာမှုတွေအတွက်ထားတဲ့ ငွေကြေးအာမခံအမျိုးအစားပါ။ ဥပမာပြောပြရရင် ကားအခိုးခံရတယ်ဆိုပါစို့၊ အာမခံထားထားမယ်ဆိုရင် ဆုံးရှုံးနစ်နာသွားမှုအတွက် အာမခံကုမ္ပဏီဘက်ကပေးလျော်မှာပါ။

 မော်တော်ယာဉ်အာမခံ၊ ပစ္စည်းခိုးခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက် အာမခံ၊ မသမာမှုနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးဆုံရှုံးတွေအတွက်လည်းအာမခံထားလို့ရပါတယ်။

အသက်အာမခံနဲ့အထွေထွေအာမခံဘာကွာလဲ……..

အသက်အာမခံနဲ့အထွေထွေအာမခံရဲ့ အဓိကကွာခြားချက်ကအသက်အာမခံကအသက်အန္တရာယ်ဖြစ်စေလောက်တဲ့ အခြေအနေအတစ်ရပ်ရပ်နဲ့သာသက်ဆိုင်ပြီးအထွေထွေအာမခံထဲမှာဒီအသက်အာမခံကအကျုံးမဝင်ပါဘူး။ အသက်အာမခံမှာတော့ အာမခံကြေးကသတ်မှတ်ထားတဲ့ကာလအတွင်းမှာသတ်မှတ်ထားတဲ့ ငွေကြေးပမာဏကိုပေးသွင်းရတာပါ။ ဒါပေမယ့် အထွေထွေအာမခံမှာတော့ အာမခံကြေးကိုတစ်နှစ်စာအတွက် အလုံးအရင်းနဲ့ပေးသွင်းရမှာဖြစ်ပါတယ်။

အာမခံကိုဘာကြောင့်လိုအပ်တာလဲ…..

ဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။ နေထိုင်မကောင်းတဲ့အခါမှာလည်းကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေးကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ ကြွေးမြီတွေနဲ့ အခြားသောစရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုရိမ်မှုကင်းစေမှာပါ။ အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့် ပစ္စည်းတွေဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာပါ။ မတော်တဆမှုဆိုတာမမြင်နိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုအတွက် ကိုယ်တိုင်မှာဖြစ်ဖြစ် ပိုင်ဆိုင်မှုတစ်စုံတရာမှာဖြစ်ဖြစ် ကြုံတွေ့လာရတဲ့အခါ ငွေကြေးဆုံးရှုံးနစ်နာမှုကိုအကာအကွယ်ပေးနိုင်စေဖို့ အာမခံကိုထားသင့်တာပါ။

သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021