ဗီယက်နမ်ဖူဆယ်ကလပ် ဆန်နာတက်အသင်းကို လွယ်လွယ်နှင့်နိုင်မည်မဟုတ်ဟု ခင်ဇော်လင်းသုံးသပ်

ဗီယက်နမ်ဖူဆယ်ကလပ် ဆန်နာတက်အသင်းကို လွယ်လွယ်နှင့်နိုင်မည်မဟုတ်ဟု ခင်ဇော်လင်းသုံးသပ်

အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံနေသည့် ဗီယက်နမ်ကလပ်ဆန်နာတက်အသင်းကို လွယ်လွယ်နှင့်အနိုင်ရမည်မဟုတ်ဘဲ အစွမ်းကုန်ကြိုးစားမှာသာ ဗိုလ်လုပွဲတက်ရေးမျှော်လင့်ချက်ပြည့်လိမ့်မည်ဟု MIU ဖူဆယ်အသင်းကစားသမား ခင်ဇော်လင်းက ပွဲကြိုစကားဆိုခဲ့သည်။

အရေးကြီး မြန်မာပြည်ကိုယ်စားပြုအသင်းဖြစ်သော MIU ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန် ၂၂ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် ဆန်နာတက်အသင်းနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ ခင်ဇော်လင်းက " ဒီနေ့ယှဉ်ပြိုင်မယ့် ပွဲစဉ်က ကျွန်တော်တို့အတွက်အရေးကြီးဆုံးလို့ ပြောရမယ့်ပွဲပါ။ ဒီပွဲနိုင်တာနဲ့ အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်မှမတက်ခဲ့ဘူးတဲ့ ဗိုလ်လုပွဲကို တက်နိုင်ပါပြီ။ ဗီယက်နမ်ကလပ်ကလဲ ဆီမီးဖိုင်နယ်ကို လွယ်လွယ်နဲ့ ရောက်လာ ခဲ့တာ တော့မဟုတ်ပါဘူး။သူတု့ိအသင်း ကစားသမားတွေက ကြံ့ခိုင်မှုတော်ကောင်းတယ်။ ကျွန်တော်တို့ လွယ်လွယ်နဲ့အနိုင်ရမှာတော့မဟုတ်ဘူး။ အစွမ်းကုန်ကြိုးစားမှသာ ဗိုလ်လုပွဲတက်နိုင်မှာပါ" ဟု သုံးသပ်ခဲ့သည်။

တွေ့ဆုံခဲ့ဖူး

MIU အသင်းနှင့် ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းသည် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်တွင် ၂၀၁၅ခုနှစ်က တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်ဂိုးစီသရေကျခဲ့သည်။ MIU အသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် အုပ်စုတွင်း ပွဲစဉ်နှစ်ပွဲစလုံးကို ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။ ဆန်နာတက်အသင်းမှာ အုပ်စုတွင်း၌ တစ်ပွဲနိုင်၊တစ်ပွဲရှုံး၊ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။

အခြားဆီမီးနယ်ဖိုင်နယ်ပွဲစဉ်တွင် အုပ်စု(က) မှ ထိုင်းကလပ် ချောင်ဘူရီနှင့် ကမ္ဘောဒီယားကလပ်ဒေါင်းတောင်းစပေါ့စ်အက်ဖ်စီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး