မန္တလေးမြို့တွင် ကျင်းပမည့် ၂၀၁၉ MFF Warrix ဖူဆယ်အိုးပင်းဖလား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအတွက် နောက်ဆုံးစာရင်းသွင်းရမည့်ရက်ကို ယခင်က ဇွန်၂၁ရက်အထိ သတ်မှတ်ထားသော်လည်း ဇွန် ၂၄ရက်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အသင်း ၆၄သင်းဖြင့် ကျင်းပရန် လျာထားပြီး ဇွန် ၂၂ရက်ညနေပိုင်းအထိ အသင်း ၄၀ ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း သိရသည်။
" ဇွန် ၂၂ရက်နဲ့ ဇွန် ၂၃ရက်က စနေ၊တနင်္ဂနွေ နားရက်တွေဖြစ်တာကြောင့် ပြိုင်ပွဲယှဉ်ပြိုင်လိုတဲ့အသင်းတွေ ပိုပြီးပါဝင်လို့ရအောင် ဇွန် ၂၄ရက်အထိ ရက်ကိုတိုးမြှင့်သတ်မှတ်လိုက်တာပါ" ဟု ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ ဦးရဲဝင်းထွန်းက ပြောဆိုခဲ့သည်။
အဆိုပါပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်လိုသည့်အသင်းများသည် ဇွန် ၂၄ရက် ညနေ ၅နာရီအထိ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)တွင် ဖောင်များထုတ်ယူ၍ စာရင်း ပေးသွင်းနိုင်ပြီး ပြိုင်ပွဲကို ဇူလိုင်၂၉ရက်တွင် အခမ်းအနားဖြင့် စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်မည်ဖြစ်သည်။
ပြိုင်ပွဲပြီးဆုံးမည့်ကာလကို ပြိုင်ပွဲဝင်အသင်းအရေအတွက်ပေါ်မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်ပြီး ဇူလိုင် ဒုတိယအပတ်တွင် ပြီးဆုံးရန် ပြိုင်ပွဲကျင်းပရေးမှ မျှော်လင့်ထားသည်။ ပြိုင်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်၍ ယခုပြိုင်ပွဲ၏ အောင်မြင်မှုအပေါ်မူတည်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။















