အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာကိုယ်စားပြုကလပ် MIU အသင်းနှင့် ဗီယက်နမ်ကလပ် ဆာနာတက်အသင်းတို့ ဇွန် ၂၂ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်က ယှဉ်ပြိုင်ခဲ့ရာ ဆာနာတက်အသင်းက ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်လှမ်းခဲ့သည်။
အားပေးထောက်ပံ့
MIU အသင်းသည် ယခုပွဲစဉ်ကို အနိုင်ရပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲသို့တက်လှမ်းနိုင်မည်ဖြစ်သော်လည်း အခွင့်အရေးများကို အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။
အဆိုပါပွဲစဉ် ပထမပိုင်းအပြီးတွင် ဆာနာတက်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း၌ သုံးဂိုးထပ်မံသွင်းယူခဲ့သည်။
"ဗီယက်နမ်ကစားသမားတွေနဲ့ ကြံ့ခိုင်မှုကွာတော့ အရင်ကစားနေကြ တိုက်စစ်အသားပေးကစားကွက်ကိုပြောင်းခဲ့တာ အမှားဖြစ်သွားတယ်။ သူတို့ကိုခံစစ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ဂိုးသွင်းဖို့လုပ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။ အဓိက ကြံ့ခိုင်မှုကွာတာပဲ။ အားကစားမှာ အောင်မြင်ချင်ရင် လူနည်းစုလောက်ပဲ ကြိတ်လုပ်နေလို့မရပါဘူး။ နိုင်ငံတော်ပိုင်းကပါ အားပေးထောက်ပံ့မှ ရမယ်"ဟု MIU အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က ပြောဆိုခဲ့သည်။
တတိယနေရာလုပွဲ
MIU နှင့် ဗီယက်နမ်ကလပ် ဆာနာတက်အသင်းတို့သည် ၂၀၁၅ခုနှစ်က အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် အုပ်စုတွင်း၌ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်ဂိုးစီ သရေကျခဲ့သည်။
ယခု ဒုတိယအကြိမ်တွေ့ဆုံရာတွင် MIU အသင်းမှာ ခြောက်ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
MIU အသင်းသည် ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့မှုကြောင့် တတိယနေရာလုပွဲကိုသာ ယှဉ်ပြိုင်ကစားရတော့မည် ဖြစ်ပြီး ထိုင်းကလပ် ချောင်ဘူရီ နှင့် ကမ္ဘောဒီးယားကလပ်ဒေါင်းတောင်းစပေါ့စ်အသင်းတို့၏ပွဲစဉ်မှ ရှုံးနိမ့်သည့် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ယှဉ်ပြိုင်မည်
အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇွန် ၂၃ ရက်(ယနေ့)တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ တတိယလုပွဲကို မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်၌လည်းကောင်း၊ ဗိုလ်လုပွဲစဉ်ကို မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီ ၁၅မိနစ်တွင် လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















