အီရန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် အာရှယူ-၂၀ ဖူဆယ်ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် ပြိုင်ပွဲကြီးကြပ်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နိုင်ငံတကာဆက်ဆံရေးဒါရိုက်တာ ဦးထွန်းထွန်းအောင် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခဲ့သည်။
မှတ်တမ်းဝင်
အာရှယူ -၂၀ ဖူဆယ်ချန်ပီယံရှစ် ဗိုလ်လုပွဲကို ဇွန် ၂၂ရက်က ကျင်းပခဲ့ပြီး ဂျပန်နှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဂျပန်အသင်းက သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ အဆိုပါပွဲစဉ် ပြိုင်ပွဲကြီးကြပ်အဖြစ် ဦးထွန်းထွန်းအောင်က တာဝန်ယူခဲ့သဖြင့် ၎င်းမှာ အာရှယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်၌ မြန်မာနိုင်ငံမှ ပထမဆုံးပြိုင်ပွဲကြီးကြပ်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နိုင်ငံတကာဆက်ဆံရေးဒါရိုက်တာ ဦးထွန်းထွန်းအောင်သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်က အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကြီးကြပ်အဖြစ် မြန်မာနိုင်ငံမှ ပထမဆုံးအသိအမှတ်ပြုခံရသူအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။















