ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်ကောင်းများရယူထားနိုင်ခဲ့ သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက် နည်းပြဟောင်း ဦးမျိုးမင်းထွန်းကို နည်းပြချုပ်နေရာ၌ ခန့်အပ် ရန် အကြိုသဘောတူညီမှုရရှိထားပြီးဖြစ်သည်။
ခွင့်ပြုဦးမည်မဟုတ်
ဟံသာဝတီယူနိုက်တက်အသင်းသည် ဦးမျိုးမင်းထွန်းကို နည်းပြ ချုပ်အဖြစ် အပြီးသတ်သဘောတူညီမှုရပြီးပါက ယခုနှစ်ဘောလုံး ရာသီတွင် အသင်းနည်းပြချုပ်အဖြစ် ကိုင်တွယ်ခွင့်ပြုဦးမည်မဟုတ်ဘဲ လာမည့်ဘောလုံးရာသီကျမှသာ နည်းပြချုပ်အဖြစ်တာဝန်ပေးမည်ဟု အသင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ထုတ်ဖော်ပြော ဆိုခဲ့သည်။
"နည်းပြချုပ်နေရာအတွက် ကိုမျိုးမင်းထွန်းကိုလျာထားပါတယ်။ သူနဲ့အပြီးသတ်ဆွေးနွေးစရာလေးတွေတော့ ကျန်ပါသေးတယ်။ သူ့ကို နည်းပြအဖြစ်ခန့်မယ်၊ မခန့်ဘူးဆိုတာ ဇွန် ၂၄ ရက်(ယနေ့)မှာ သတင်း ထုတ်ပြန်ပေးမှာပါ။ ကိုမျိုးမင်းထွန်းကို ဒီနှစ်ရာသီမှာတော့ ကိုင်တွယ် ခွင့်ပြုဦးမှာမဟုတ်ပါဘူး။ လာမယ့် ရာသီသစ်ကျမှသာ နည်းပြချုပ် အဖြစ် ကိုင်တွယ်ခွင့်ပြုမှာပါ"ဟု ၎င်းက ပြောဆိုခဲ့သည်။
ဖြေကြားခဲ့ခြင်းမရှိ
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးမျိုးမင်းထွန်းကို ဆက်သွယ်မေး မြန်းခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။ ဦးမျိုးမင်းထွန်းသည် ယခုနှစ်ရာသီ ပထမအကျော့အပြီးတွင် ရန်ကုန်ယူနိုက်တက်နှင့် လမ်းခွဲ ခဲ့သူဖြစ်ပြီး မကြာမီတွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မည် ဟု ပြောဆိုထားသည်။
တွေ့ဆုံညှိနှိုင်း
ဟံသာဝတီယူနိုက်တက်သည် နည်းပြချုပ်သစ် ခန့်အပ်ပြီးပါက လက်ရှိနည်းပြချုပ် ဦးငွေထွန်း၏ အနာဂတ်နှင့်ပတ်သက်၍ ၎င်းနှင့် တွေ့ဆုံညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ဦးထွန်းထွန်းလင်းက ပြောဆိုခဲ့ သည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်နေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် ခုနစ်ပွဲနိုင်၊ လေးပွဲသရေ၊ နှစ်ပွဲရှုံးဖြင့် ရလဒ် ကောင်းများရယူထားနိုင်ခဲ့သည်။















