ဟင်္သာတမြို့နယ်တွင် အလုပ်အကိုင်အတည်တကျမရှိဘဲ ငွေကြေးအများအပြားသုံးစွဲနေသူနှစ်ဦးကို မသင်္ကာသဖြင့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်(၁၁)စီးခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ဇွန် ၂၄ ရက်၌ သတင်းထုတ်ပြန်သည်။
ဇွန် ၁၅ ရက် ညနေ ၅ နာရီ ၃၅ မိနစ်တွင် ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက် ရေတံခွန်(၄) လမ်းနေ ဝင်းဝင်းထွန်းနှင့် စန်းကိုကိုတို့နှစ်ဦးသည် အလုပ်အကိုင်အတည်တကျမရှိဘဲ ငွေကြေးသုံးစွဲမှုများပြားနေကြောင်း သတင်းအရဟင်္သာတမြို့မရဲစခန်းမှတာဝန်ရှိသူတို့က ၎င်းတို့နှစ်ဦးကို ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်၊ ဘူတာလမ်းဆုံတွင် ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးကိုစစ်ဆေးချက်အရ လွန်ခဲ့သောသုံးလခန့်မှ စတင်ကာဟင်္သာတမြို့ပေါ်ရပ်ကွက်များမှ ဆိုင်ကယ် ၁၁ စီးကို ခိုးယူခဲ့ပြီး ပေါင်နှံ၍ ငွေကြေးများသုံးစွဲခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဟင်္သာတမြို့မရဲစခန်းက(ပ)၆၆၆/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အမှုဖွင့်အရေးယူထားသည်။

















