တွံတေးမြို့နယ်တွင် လူသတ်ရန်ပြန်ပေးဆွဲခေါ်ဆောင်သူနှစ်ဦးကို ဇွန် ၂၂ရက်နှင့်၂၃ရက်၌ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဇွန် ၂၁ ရက်ညအချိန်တွင် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ တရားလို ဒေါ်----၏ ခင်ပွန်းဖြစ်သူ သိန်းဇော်ဦးသည် ၎င်း၏သူငယ်ချင်းများဖြစ်သည့် မောင်မောင်(ခ)ဖားမျက်လုံး၊ နိုင်လင်းထွန်း၊ မောင်မောင်တို့နှင့်အတူ နေအိမ်၌ အရက်သောက်ခဲ့ကြသည်။
ထိုသို့သောက်နေစဉ် လွန်ခဲ့သောရှစ်လခန့်က အပေါင်ဆိုင်၌ ပြန်လည်ရွေးယူနိုင်ခြင်းမရှိသည့် ဘတ္ထရီတစ်လုံးနှင့်ပတ်သက်၍ စကားများခဲ့ဖူးသူ တစ်ရွာတည်းနေ ရာအိမ်မှူး ဖိုးထောင်၊ အာကာ၊ ဖိုးနီ(၁)၊ စတီးနှင့် ဖိုးနီ(၂)တို့ငါးဦးက အိမ်ပေါ်သို့ရောက်ရှိလာကာ ရဲစခန်းသို့သွားရန် ခေါ်ဆောင်ခဲ့သည်။
သိန်းဇော်ဦးပါလေးဦးက မလိုက်နိုင်ကြောင်းပြောဆိုသဖြင့် “ဟေ့ကောင် မင်းတို့ကဘယ်လောက်သတ္တိရှိလဲ”ဟုဆိုကာ နေအိမ်မှန်ပြတင်းပေါက်နှစ်ပေါက်ကို အသင့်ပါလာသောဓားဖြင့် ဝိုင်းခုတ်ခဲ့ကြသည်။ထို့နောက် သိန်းဇော်ဦးပါလေးဦးက လိုက်သွားခဲ့ကြရသည်။
သိန်းဇော်ဦး၏ဇနီးက ဇွန် ၂၂ ရက်တွင် ရဲစခန်းသို့လိုက်သွားခဲ့ရာ ၎င်း၏ခင်ပွန်းနှင့် အခြားသူသုံးဦး ရဲစခန်းသို့လာရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရသဖြင့် ၎င်း၏ခင်ပွန်းပါလေးဦးကို ခေါ်ဆောင်သွားသော ရာအိမ်မှူး ဖိုးထောင်ပါငါးဦးကို အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
တွံတေးမြို့မရဲစခန်းက(ပ) ၁၀၈၆/ ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၄/၄၅၂/၄၂၇/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့သည်။အဆိုပါ အမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များက ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစု၊ တွံတေးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့နှင့် ပူးပေါင်းစုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းခဲ့ရာ အမှုမှ ပြစ်မှုကျူးလွန်သူ ဖိုးထောင်(ခ)ကျင်သောင်း (ရာအိမ်မှူး)၊ (၄၃)နှစ်ကို ဇွန် ၂၂ ရက်ည ၉ နာရီတွင် တံခွန်တိုင်ကျေးရွာ၊ စက်လှေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဇွန် ၂၃ ရက်ညနေပိုင်းတွင် အမှု၌ပါဝင်သူ ဇော်မင်းထွေး(ခ)ပါစတီး၊ (၄၁)နှစ်ကို သက်သေခံဓားနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။
ဖမ်းဆီးရမိသူ ဖိုးထောင်(ခ)ကျင်သောင်းနှင့် ဇော်မင်းထွေး(ခ)ပါစတီး တို့ကိုဆက်လက်စစ်ဆေးချက်အရ သိန်းဇော်ဦးပါလေးဦးက လွန်ခဲ့သောငါးရက်ခန့်က ဇော်မင်းထွေး(ခ)ပါစတီး၏ အစ်မ မမိအေး၏ နေအိမ်ပေါ်သို့တက်ရောက်ပြီး မမိအေး၏သား မန်းကြီး၏လည်ကုတ်အား ဓားတင်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
ထိုသို့ ခြိမ်းခြောက်ပြောဆိုစဉ် မန်းကြီး၏ဖခင်ဖြစ်သူ ဦးစန်းဦးက “မင်းတို့ ဆုံးမရင်လည်း ဆုံးမသွား” ဟုပြောရာ သိန်းဇော်ဦးပါလေးဦး ပြန်ထွက်သွားခဲ့သည်။ ထို့နောက် သိန်းဇော်ဦးပါလေးဦးက ညီမဖြစ်သူ မစိုးစိုးထွေး(ခ)စာဥမ၏ နေအိမ်ကို ဝိုင်းထားပြီး မမိအေး၏ သားကြီး ဘိုဘိုကိုလည်း “သတိထားနေ” ဟု ခြိမ်းခြောက်ပြောဆိုကာ စိန်ခေါ်နေခဲ့သည်။
ထိုသို့ စိန်ခေါ်နေသဖြင့် “ငါ့ညီတွေကို ခြိမ်းခြောက် စိန်ခေါ်နေတာ ဘယ်သူတွေလဲ” ဟု ရာအိမ်မှူး ဦးဖိုးထောင်ကမေးမြန်းခဲ့ရာ သိန်းဇော်ဦးက “လိုက်ခုတ်၊ လိုက်ခုတ်” ဟုဆိုကာ ဦးဖိုးထောင်ကို ဓားနှင့်လိုက်ခုတ်၊ လေးခွနှင့်ပစ်သောကြောင့် ဦးဖိုးထောင်က ထွက်ပြေးခဲ့ရသည်ဟု သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။
သိန်းဇော်ဦးနှင့် ပါလာသူများက “သိန်းဇော်ဦးကို ထိရင် အကုန်သတ်ပစ်မည်'' ဟု ခြိမ်းခြောက်ကာ ပြန်ထွက်သွားခဲ့ကြသည်ဟု ဆိုသည်။
ဇွန် ၂၁ ရက် ည ၁၀ နာရီခန့်တွင် ဦးဖိုးထောင်(ခ)ကျင်သောင်း၊ ဇော်မင်းထွေး(ခ)ပါစတီး၊ အာကာ၊ စန်းဦး၊ ဖိုးနီ(၁)၊ ဇော်လှမျိုး၊ ဖိုးနီ(၂)၊ အောင်ထွဋ်နှင့် ခွာကြီးတို့ ညီအစ်ကိုဝမ်းကွဲများစုစည်းပြီး သိန်းဇော်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ နေအိမ်မှန်ပြူတင်းတံခါးများကို ဓားဖြင့်ဝိုင်းခုတ်ပြီး သိန်းဇော်ဦး ပါ လေးဦးကို ရဲစခန်းသို့ ပို့အပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့နောက် နိုင်လင်းထွန်းနှင့် သိန်းဇော်ဦးတို့ကို တစ်တွဲ၊ မောင်မောင်(၁)နှင့် ဖားမျက်လုံး(ခ)မောင်မောင်(၂)တို့ကိုတစ်တွဲ ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်၌ ကြိုးနှင့်တုပ်ခဲ့ပြီးနောက် ဇော်လှမျိုးပိုင် စက်လှေဖြင့် ခေါ်ဆောင်လာခဲ့သည်။
ထိုသို့ခေါ်ဆောင်လာစဉ် တွံတေးတူးမြောင်းအတွင်း၌ သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်(၁) တို့ကို ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ပြီး တွံတေးတူးမြောင်း အတွင်း ပစ်ချထားခဲ့ကြောင်း၊ဖားမျက်လုံး(ခ)မောင်မောင်(၂)ကို ဆွေးမျိုးသားချင်းဖြစ်၍ ထိုးကြိတ်ဆုံးမပြီး ပြန်လွှတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှုမှသေဆုံးသူ မောင်မောင်(၁)၏ အလောင်းကို ဇွန်၂၃ ရက်တွင်လည်းကောင်း၊ သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏ အလောင်းကို ဇွန်၂၄ ရက်တွင်လည်းကောင်း တွံတေးတူးမြောင်းအတွင်းမှ တွေ့ရှိဆယ်ယူရရှိခဲ့သည်။
အခင်းဖြစ်ပွားစဉ် အသုံးပြုသည့် ဇော်လှမျိုးပိုင် စက်လှေကို သိမ်းဆည်းရမိခဲ့ပြီးတွံတေးမြို့မရဲစခန်းက ပုဒ်မ ၃၀၂/၃၆၄/၄၅၂/၄၂၇/၁၁၄ တို့ဖြင့် ပြောင်းလဲစစ်ဆေးကာ ကျန်ရှိနေသည့် ထွက်ပြေးတိမ်းရှောင်နေသူများကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















