ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များ၏ အခွင့်အရေးအပြည့်အဝ ရရှိစေရန်နှင့်ကလေးသူငယ်များကိုအကာအကွယ်ပေးနိုင်ရန်ရေးဆွဲထားသည့်ဥပဒေဖြစ်ပြီး နိုင်ငံသားဖြစ်မှုနှင့်မသက်ဆိုင်ကြောင်း အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
"ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို နိုင်ငံတကာစံချိန် စံညွွှန်းတွေနဲ့အညီ ကိုယ့်ဒေသမှာရှိတဲ့ ကလေးသူငယ်တွေရဲ့အခွင့်အရေးအပြည့်အဝ ရရှိအောင်ဆောင်ရွက်ပေးတာဖြစ်ပြီး နိုင်ငံသားဖြစ်မှုမဖြစ်မှုဆိုတာကတော့နိုင်ငံသားဥပဒေနဲ့ ချိန်ထိုးပြီးဆောင်ရွက်သွားရမှာဖြစ်ပါတယ်"ဟု ဦးသိန်းဆွေက ပြောသည်။
ယနေ့ဇွန် ၂၅ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့်၂၀၁၉ခုနှစ်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအပြီး၌ ပြောကြားခြင်းဖြစ်သည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၌ပါဝင်သည့် ကလေးသူငယ်များမွေးစားခွင့်၊အမွေဆက်ခံပိုင်ခွင့်၊အခမဲ့ မှတ်ပုံတင်ခွင့်များသည် နိုင်ငံခြားသားများကို မြန်မာနိုင်ငံသားများအလွယ်တကူဖြစ်စေနိုင်သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီအချို့ က ထုတ်ပြန်ကြေညာခဲ့သည်။
"ဥပဒေနဲ့အညီဆောင်ရွက်တယ်ဆိုရင်တော့တိုင်းပြည်အတွက်အန္တရာယ်ရှိတယ်လို့ ပြောလို့မရပါဘူး။ ဒါနိုင်ငံတကာမှာလည်းဆောင်ရွက်နေတယ်။ Case(ကိစ္စ) တစ်ခု ချင်းစီအလိုက် သက်ဆိုင်ရာဥပဒေတွေနဲ့ အညီဆောင်ရွက်သွားရမှာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး "ဟု ဦးသိန်းဆွေက ပြောသည်။
ဇွန် ၇ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ ကကန့်ကွက်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
















