ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုနှင့်သာ ကျေနပ်ခဲ့ရသည့် MIC အသင်းကို ပြုပြင်ပြောင်းလဲမှုများကြီးကြီးမားမား ပြုလုပ်ရန် အသင်းနည်းပြချုပ် ဦးသန်းဝဏ္ဏအောင်က စီစဉ်လျက်ရှိနေကြောင်း သိရသည်။
တိုင်ပင်
MIU ဖူဆယ်အသင်းသည် ယခုနှစ်အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်တွင် ဗိုလ်လုပွဲအထိတက်ရောက်ရန် ရည်မှန်းပြင်ဆင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် ကလပ် ဆာနာတက်ကို ခြောက်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့၍ ဗိုလ်လုပွဲတက်ခွင့် လွဲချော်ခဲ့သည်။ တတိယနေရာလုပွဲတွင် ကမ္ဘောဒီးယားကလပ် ဒေါင်းတောင်းအက်ဖ်စီကို ၉ ဂိုး ၅ဂိုဖြင့် အနိုင်ယူပြီး တတိယဆုရရှိခဲ့သည်။
" ပြိုင်ပွဲမတိုင်ခင်မှာ အသင်းကို ဗိုလ်လုပွဲအထိ တက်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ တတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ ကျွန်တော်စီစဉ်နေတယ်။ ဒီရက်ပိုင်းအတွင်း အသင်းပိုင်ရှင်နဲ့ဆွေးနွေးပြီး ဘယ်လိုပြုပြင်ပြောင်းလဲမယ်ဆိုတာ တိုင်ပင်မှာပါ" ဟု ဦးသန်းဝဏ္ဏအောင်က ပြောဆိုခဲ့သည်။
အားပေးထောက်ပံ့
ဆက်လက်ပြီး ၎င်းကပင် မည်သည့်အားကစားနည်းကိုမဆို နိုင်ငံတကာအလယ်တွင် အောင်မြင်မှုလိုချင်ပါက နိုင်ငံတော်မှ အားပေးထောက်ပံ့ရန်လိုအပ်ကြောင်းလည်း ဖွင့်ဟခဲ့သည်။
" အားကစားနည်းတစ်ခု အောင်မြင်ဖို့ဆိုတာ လူနည်းစုတစ်စုပဲ ကြိတ်လုပ်နေလို့မရပါဘူး။ နိုင်ငံတော်ကပါအားပေးဖို့လိုတယ်။ အားပေးတယ်ဆိုတဲ့နေရာမှာ ဖြတ်လမ်းနည်းမဟုတ်ဘဲ မူလတန်းကျောင်းကနေစပြီး အားကစားကဏ္ဍကို ထည့်သွင်းထားဖို့ လိုပါတယ်။ ကလေးတွေ ဝါသနာပါတာကို အခြေခံကျကျ လေ့ကျင့်ပေးပြီး တစ်ဆင့်ချင်း ရေရှည်စီမံကိန်းနဲ့သွားမှဖြစ်မှာပါ" ဟု ဦးသန်းဝဏ္ဏအောင်ကပြောဆိုသည်။
MIU အသင်းသည် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၅ခုနှစ်ကစ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းနှစ်အပါအဝင် ၂၀၁၆ခုနှစ်နှင့် ၂၀၁၈ခုနှစ်များတွင် တတိယဆုများရရှိခဲ့သည်။ ယခု စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲတွင်လည်း တတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။















