ရှေးဟောင်းပစ္စည်းအပိုင်းအစများ တူးဖော်သူနှစ်ဦး အရေးယူခံရ

ရှေးဟောင်းပစ္စည်းအပိုင်းအစများ တူးဖော်သူနှစ်ဦး အရေးယူခံရ

မကွေးတိုင်းဒေသကြီး မင်းဘူး၊စကုမြို့နယ်တွင် ရှေးဟောင်းပစ္စည်းအပိုင်းအစများ တူးဖော်သူနှစ်ဦးကို သက်ဆိုင်ရာက ဇွန် ၂၄ ရက်တွင် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါနေ့ နံနက် ၉ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး မင်းဘူး၊စကုမြို့နယ် အလံပယ်ကျေးရွာအုပ်စု အရှေ့တောင် ဘက်လေးဖာလုံအကွာ ဦးလှိုင်အေး၏ ကွင်းအမှတ် (၁၂၃၅) ယာမြေပေါ်တွင်ရှေးဟောင်းပစ္စည်းများတူးဖော်နေကြောင်းသက်ဆိုင်ရာက သတင်းရရှိခဲ့သည်။

ရှေးဟောင်းပစ္စည်းများတူးဖော်နေသူ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနေ မြလွင်(၃၀နှစ်)နှင့် မင်းဘူးမြို့ကြာကန်ကျေးရွာနေ ချစ်ဟန်(၄၅)နှစ်တို့ကို မင်းဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတို့က ထိန်းသိမ်းစစ်ဆေးခဲ့သည်။

၄င်းတို့နှစ်ဦးထံမှ အရှည်လေးပေခန့် လုံးပတ်တစ်လက်မခန့် ရှိ သံတူရွင်းပြားတစ်ချောင်း၊ အရှည်လေးပေခန့် သစ်သားရိုးတပ် သံဂေါ်ပြားတစ်ခု၊ အရှည်သုံးပေခန့် သစ်သားရိုးတပ် ပေါက်ပြားတစ်ခု၊သုံးဆင့် စတီးချိုင့်တစ်လုံး၊ လိုတရ အမွှေးတိုင် လိမ္မော်ရောင်အရည်များပါ အမွေးဆီတစ်ဘူး၊ (၁၂)လက်မခန့်ရှိ သံဓားတစ်ချောင်း ၊ Shayan 125 နီနက်ဆိုင်ကယ်တစ်စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ၎င်းတို့နှင့်အတူ ရှေးဟောင်းပစ္စည်းဟု ယူဆရသော အိုးခြမ်းပဲ့ အစိတ်အပိုင်းခုနစ်ခုကို တွေ့ရှိသိမ်းဆည်းရမိခဲ့ ပြီးအဆိုပါအိုးခြမ်းပဲ့ အစိတ်အပိုင်းခုနစ်ခုကို မကွေးတိုင်းဒေသကြီးရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက စစ်ဆေးခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း ၁၀ဝ ခန့်က ရှေးဟောင်းပစ္စည်းအပိုင်းအစများဖြစ်ကြောင်း သိရှိခဲ့ရသည်။

မင်းဘူးမြို့မရဲစခန်းက ၄င်းတို့နှစ်ဦးကို (ပ) ၁၉၂/၁၉ ရှေးဟောင်းဝတ္တုပစ္စည်းကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆ အရ အမှုဖွင့်အရေးယူထားသည်။