အမြန်လမ်း၌ယာဉ်များ၏လေကာမှန်ပစ်ခတ်ခံရမှုကိုစုံစမ်းရာ သေနတ်နှစ်လက်နှင့်လူကို ဖမ်းမိ

အမြန်လမ်း၌ယာဉ်များ၏လေကာမှန်ပစ်ခတ်ခံရမှုကိုစုံစမ်းရာ သေနတ်နှစ်လက်နှင့်လူကို ဖမ်းမိ

အမြန်လမ်းမကြီးပေါ်ရှိ ခရီးသည်တင်ယာဉ်များ၏ လေကာမှန်ပစ်ခတ်ခံရမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းဖော်ထုတ်ခဲ့ရာ လက်လုပ်သေနတ်နှစ် လက်နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး တိမ်းရှောင်နေသူကို ဆက်လက်စုံစမ်းလျက်ရှိသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းဦးမင်းသူအောင် မောင်းနှင်လာသည့် Express ယာဉ်သည် ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲတွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ ့ ဥသျှစ်ကုန်းစခန်းသို ့ ရောက်ရှိလာပြီး မိုင်တိုင် ၆၉/၇ အနီးတွင် ခဲပေါက်ခံရသဖြင့် ဘေးလေကာမှန်ကို ထိမှန်ကြောင်း သတင်းပို ့ခဲ့သည်။

အလားတူ ယာဉ်မောင်းဦးအောင်ဝင်း မောင်းနှင်လာသည့် Express ယာဉ်နှင့် ယာဉ်မောင်း ဦးစန်းမင်းအောင် မောင်းနှင်လာသည့် Express ယာဉ်နှစ်စီးသည် ည ၁၁ နာရီတွင် ဥသျှစ်ကုန်းစခန်းသို့ ရောက်ရှိလာပြီး မိုင်တိုင် ၆၅ အနီးတွင် ခဲပေါက်ခံရသဖြင့် ဘေးလေကာမှန်ထိမှန်ကြောင်း သတင်းပို့ခဲ့သည်။

ပေးပို့လာသည့် သတင်းများအရ ဥသျှစ်ကုန်းရဲစခန်းမှလှည့်ကင်းအဖွဲ့ဝင်များက ရှာဖွေစစ်ဆေး စောင့်ကြပ်ဆောင်ရွက်ခဲ့သည်။

သတင်းပို့သည့် ယာဉ်သုံးစီးစလုံးက အမှုဖွင့်ရန် ဆန္ဒ မရှိကြောင်းနှင့် ခဲထိမှန်ကြောင်း ထောက်ခံချက်သာ ရယူလိုကြောင်းအကူအညီတောင်းလာသဖြင့်သက်ဆိုင်ရာကအမှုဖွင့်လှစ်ခြင်းမပြုဘဲထောက်ခံချက် ပြုလုပ်ပေးခဲ့သည်။

သတင်းပေးပို့လာမှုအပေါ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ဝပ်ကင်းဆောင်ရွက်မှုများပြုလုပ်နေစဉ် ဇွန်၂၅ ရက် ည၁၀ နာရီ ၁၀ မိနစ်တွင် မိုင်တိုင် ၆၇/၃ အနီး၌ ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာ အုပ်စု၊ ကိုးတဲစု ကျေးရွာနေ စောဆေးလယ်ဝါး ၂၇ နှစ်ကို ဖမ်းဆီးရမိခဲ့သည်။

၎င်းနှင့်အတူ လူကိုအန္တရာယ်ဖြစ် စေနိုင်သည့် လက်လုပ်လေသေနတ်နှစ်လက်၊ သေနတ်ပစ်ရာတွင်အသုံးပြုသည့် စက်ဘီးဘောစိ ၁၄၆ လုံး၊ လေးခွတစ်လက်၊ လေးသီးအဖြစ်အသုံးပြုသည့် ကျောက်စရစ်ခဲလေးခဲ၊ ခေါင်းစွပ်ဓာတ်မီးစိမ်းတစ်လက် ၊ ဓာတ်ခဲအသေးသုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထွက်ပြေးတိမ်းရှောင်သွားသူမှာ စောဝါးနီ (၃၅) နှစ် ဖြစ်ကြောင်း၎င်းကပြောပြသဖြင့် သက်ဆိုင်ရာကသိရှိခဲ့ရပြီး ၄င်းတို့နှစ်ဦးကို ဥပဒေအရ အမှုဖွင့် အရေးယူထားသည်။