တပ်မတော်ကကြေညာထားသည့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလ တိုးမြှင့် ပေးရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ဇွန် ၂၅ ရက်က သတင်းထုတ်ပြန်သည်။
ဥရောပသမဂ္ဂဆိုင်ရာသံအမတ်ကြီး Kristian Schmidt ၏ ပြီးခဲ့သည့်ရက်ပိုင်းကသွားရောက်ခဲ့သည့် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း၊ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ လက်ရှိအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်မည့်ကိစ္စ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၏သက်ရောက်မှုနှင့် ကချင်ပြည်နယ်၏ စီးပွားရေးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ဥရောပသမဂ္ဂသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေရပ်ပြန်ရာ၌ မိမိတို့၏ဆန္ဒအလျောက် လုံခြုံစွာနှင့် သိက္ခာရှိစွာပြန်နိုင်ရေးအတွက် ထောက်ပံ့မှုများအကြောင်းဆွေးနွေးခဲ့ပြီး လက်ရှိအပစ်အခတ်ရပ်စဲရေးကာလကို တိုးမြှင့်ပေးရန်ပါ တောင်းဆိုခဲ့သည်။
ထို့ပြင် ပါတီအားလုံးကိုလည်း ယုံကြည်မှုနှင့်ဘုံအနာဂတ်တည်ဆောက်ရာ၌ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။
တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ၂၁ ရက်တွင်စတင်ခဲ့ရာ ၂ဝ၁၉ ခုနှစ် ဇွန်လကုန်အထိဆိုလျှင် ရက်ပေါင်း ၁၉၁ ရက်ကြာမြင့်ပြီဖြစ်သည်။
ဇွန်လကုန်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းတိုး၊မတိုး တပ်မတော်က ချင့်ချိန်လျက်ရှိသည်။















