တပ်မတော်သည် နိုင်ငံတော်၏ ခြံစည်းရိုးဖြစ်၍ ခိုင်ခံ့ကောင်းမွန် စေရန် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်၏ ကုန်းမြေ၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်နိမိတ် များအား တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များက ခြံစည်းရိုး ကဲ့သို့ကာရံပေးထားခြင်းဖြစ်ကြောင်း၊ နိုင်ငံအရေး၊ နိုင်ငံအကျိုး အတွက် အမြဲတမ်းကြိုးစားဆောင်ရွက်နေခြင်းသည် သစ္စာစောင့် သိခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဂျိုးဖြူတပ်နယ်နှင့် ကွင်းကောက်တပ် နယ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများရှိ နည်းပြ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များအားဇွန် ၂၄ ရက်က သီးခြားစီတွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်သားများသည် သေရမည်ကိုမကြောက်ဘဲ တိုင်း ပြည်ကိုကာကွယ်ရန် တပ်မတော်ထဲ ဝင်ရောက်လာကြသူများ ဖြစ်၍ တိုက်ပွဲဝင်ရာတွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသော တိုက်ပွဲဝင် စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကို ကာကွယ်ရန်ဟူသော အမာခံစိတ်ဓာတ်များရှိပြီးဖြစ်ရာ တိုက်ပွဲဝင် တိုက်နည်းစနစ်များ၊ ကိုယ်ခံ ပညာရပ်များ၊ လက်ဝှေ့နည်းစနစ်များ၊ အားကစားနည်းစနစ်များ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် မှန်ကန်သောတိုက်ပွဲဝင်စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိမျိုးကို တိုးမြှင့် တည်ဆောက်ပေးလျက်ရှိ ကြောင်း၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်မှုကိုအခြေခံ၍ ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ရဲစွမ်းသတ္တိရှိမှုတို့ဖြင့် တပ်မတော်သားကောင်းဖြစ်လာအောင် လေ့ကျင့်နေကြရန် တိုက်တွန်းလို ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့သည်။















