မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နေရှင်နယ် လိဂ်နှင့် အမ်ပီတီတို့ ပူးပေါင်းကျင်းပသည့် Grassroots ဘောလုံးပွဲတော်နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲကို ယမန်နှစ်က တိုင်းနှင့်ပြည် နယ်ရှစ်ခုတွင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် တိုင်း နှင့်ပြည်နယ် ၁၀ ခု၌ ကျင်းပမည်ဖြစ်ကြောင်း နေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်က ပြောဆိုသည်။
ညှိနှိုင်းအစည်းအဝေး
အဆိုပါပြိုင်ပွဲများကို ယမန်နှစ်က တိုင်း နှင့်ပြည်နယ် ရှစ်ခုဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့၌ တိုးချဲ့ ကျင်းပမည်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပမည့် Grassroots ဘောလုံးပွဲတော်နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၅ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုယ်စား နေရှင်နယ်လိဂ်စီမံခန့်ခွဲရေးအရာ ရှိချုပ် ဦးဆူးအောင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးဆူးအောင်က ပြိုင်ပွဲကျင်းပရေးနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီး ချုပ်က ယခုကဲ့သို့လူငယ်ပြိုင်ပွဲများ လာရောက် ကျင်းပပေးမည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူ ကြောင်းနှင့် လိုအပ်သည့်ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ပေးမည်ဟု ပြောကြားသည်။
ကျင်းပမည်
ကရင်ပြည်နယ် ဘားအံမြို့၌ကျင်းပမည့် Grassroots ဘောလုံးပွဲတော်ကို သြဂုတ် ၂၀ ရက်မှ ၂၁ ရက်အထိလည်းကောင်း၊ ယူ--၁၄ ဘောလုံးပြိုင်ပွဲကို သြဂုတ်၂၁ ရက်မှ ၂၉ ရက်အထိလည်းကောင်း ကျင်းပမည်ဖြစ် သည်။ အဆိုပါဘောလုံးပြိုင်ပွဲများကို လာမည့် နှစ်တွင် တိုင်းနှင့်ပြည်နယ် ၁၅ ခု၌ တိုးချဲ့ ကျင်းပနိုင်ရန် ဘောလုံးအဖွဲ့ချုပ်က ရည်မှန်း ထားသည်။















