လုပ်ငန်းရှင်များအနေဖြင့် တောင်သူလယ်သမားများထံမှ အမြတ်မထုတ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ်မှ တောင်သူလယ်သမားများနှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။
အစိုးရက စပါးအခြေခံဈေးနှုန်း ကျပ်ငါးသိန်းဟု သတ်မှတ်ထားသော်လည်း တောင်သူလယ် သမားများအနေဖြင့် အစိုးရ၏သတ်မှတ်ဈေးနှုန်းထက်ပင် လျှော့၍ရောင်းချနေရကြောင်း တောင်သူ လယ်သမားတစ်ဦးက တင်ပြလာသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။"ဈေးသတ်မှတ်ခြင်းကိစ္စနဲ့ပတ်သက်လို့ ဒါတွေက အမြဲအသေမှတ်ထားလို့မရပါဘူး။ တစ်နှစ်နဲ့တစ်နှစ် အခြေအနေအရလည်း ပြောင်းလဲသင့်သလို ပြောင်းလဲရမှာပါ။ ကျွန်မ နောက်တစ်ခုပြောချင်တာက လုပ်ငန်းရှင်ကြီး တွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေကနေပြီးတော့ အမြတ်ထုတ်ဖို့ မစဉ်းစားပါနဲ့။ ကျွန်မတို့ဟာ ကိုယ့်အချင်းချင်းထိခိုက်မယ့်ပုံစံနဲ့ အမြတ် မထုတ်ပါနဲ့။ အားလုံးအကျိုးရှိမယ့်ပုံစံနဲ့ပဲ အမြတ် ထုတ်ဖို့စဉ်းစားကြပါလို့ ကျွန်မအနေနဲ့ တိုက် တွန်းချင်ပါတယ်။ အားလုံးအတွက်အကျိုးရှိမယ့် ပုံစံနဲ့ အမြတ်ထုတ်လို့ရပါတယ်"ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
ကြာရှည်ခံဆေးသုံးစွဲ
အဆိုပါတွေ့ဆုံပွဲတွင် လယ်သမားတစ်ဦး က ဆန်များ၌ ဓာတုပစ္စည်းများပါဝင်နေမှု၊ တောင်သူလယ်သမားများက စပါးခင်းများတွင် ဓာတုဆေးဝါးများသုံးစွဲမှုကြောင့်ဟုဆိုထားရာ လုပ်ငန်းရှင်များကလည်း သိုလှောင်ရုံများတွင် ကြာရှည်ခံရန် ဓာတုဆေးဝါးသုံးစွဲမှုများရှိနေ ခြင်းကြောင့်ဖြစ်သည်ဟု တင်ပြခဲ့သည်။
နစ်နာ
"သိုလှောင်ရုံတွေအဆင့်မမီလို့ ဓာတု ပစ္စည်းတွေရဲ့ အငွေ့အသက်တွေပါသွားတာနဲ့ လယ်ယာထွက်ပစ္စည်းတွေ ရောင်းလို့ခက် တယ်ဆိုတာ ဒီလိုသိုလှောင်ရုံတွေမရှိခြင်းဟာ ကျွန်မတို့တောင်သူလယ်သမားတွေအတွက် အများကြီးနစ်နာပါတယ်။ တစ်ခါတလေ သို လှောင်မထားနိုင်တာကြောင့် ဈေးနှိမ်ပြီးပေး တဲ့ဟာတောင် ရောင်းပစ်ရပါတယ်"ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ကူညီစေချင်
အဆင့်မီသောသိုလှောင်ရုံများ တည် ဆောက်ခြင်းသည် စရိတ်မကြီးသည့်အပြင် တောင်သူလယ်သမားများ၏ လယ်ယာထွက် ကုန်များကိုလည်း အချိန်ကြာကြာသိုလှောင် နိုင်သဖြင့် ဝိုင်းဝန်းကူညီစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်း ရှင်များအား တိုက်တွန်းခဲ့သည်။
















