လာမည့်ဘောလုံးရာသီမှစ၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပမည့် ဖူဆယ်အိုးပင်း ဖလားပြိုင်ပွဲမှ ဆီမီးဖိုင်နယ်တက်ရောက်သည့် အသင်းများကို အိမ်ကွင်း၊အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားစေပြီး ဗိုလ်စွဲသည့်အသင်းအား အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် ယှဉ်ပြိုင် ခွင့်ပြုရန် လျာထားကြောင်း ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပထမဆုံးအကြိမ်
မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ဖူဆယ်အိုပင်းဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကို ဇွန် ၂၉ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနား၌ ၎င်းက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
" ဖူဆယ်ပြိုင်ပွဲကို ၂၀၀၆ ခုနှစ်က ရန်ကုန်မှာ စတင် ကျင်းပခဲ့ပါတယ်။ မန္တလေးမှာတော့ အခုနှစ်က ပထမဆုံးအကြိမ်အဖြစ် MFF Warrix Futsal Open Cup 2019 (Mandalay) ဆိုပြီး ကျင်းပတာပါ။ နှစ်တိုင်း Open Cup တွေကို ရန်ကုန်မှာရော မန္တလေးမှာပါ ကျင်းပသွားမှာပါ။ ပြိုင်ပွဲနှစ်ခုက ဆီမီးဖိုင်နယ်တက်တဲ့ အသင်းတွေကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ကစားစေပြီး ချန်ပီယံဖြစ်တဲ့ အသင်းက AFF Club Championship ပြိုင်ပွဲကို ဝင်ခွင့်ပေးဖို့ လျာထားပါတယ်"ဟု ပြောဆိုခဲ့သည်။
တက်ရောက်
မန္တလေးဖူဆယ်အိုးပင်းဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၊ ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ ဖူဆယ်နှင့်သဲသောင်ပြင် ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဖူဆယ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လွင်လေး၊ Warrix Myanmar မှ မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာ ရဲမွန်ထွဋ်နှင့် စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိများ တက်ရောက်ခဲ့ကြသည်။















