ငွေကြေးခဝါချမှုများထဲတွင် ကျောက်မျက်နှင့်သစ်တောကဏ္ဍ အများဆုံးဖြစ်ပွားနေကြောင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အတွင်းရေးမှူးရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောသည်။
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူ ဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲအား ဇွန် ၂၈ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားခြင်းဖြစ်သည်။
" အများဆုံးဖြစ်တာတွေကတော့သဘာဝပစ္စည်းတွေပေါ့။ အထူးသဖြင့်တော့ ကျောက်စိမ်းတွေ၊ သစ်နဲ့သစ်တောထွက်တွေက နံပါတ်တစ်ပေါ့" ဟု ၎င်းက ပြောသည်။
ငွေကြေးခဝါချမှုများထဲတွင် ဒုတိယအများဆုံးက အခွန်တိမ်းရှောင်ခြင်းနှင့် တတိယအများဆုံးက အဂတိလိုက်စားမှုတို့ဖြစ်ပြီး မူးယစ်ဆေးဝါးကိစ္စများက စတုတ္ထအများဆုံးဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ငွေကြေးခဝါချမှုများနှင့်အခွန်တိမ်းရှောင်သည့်ကိစ္စများသည် ကမ္ဘာပေါ်ရှိ နိုင်ငံကြီးငယ်မရွေးဖြစ်ပွားနေသည်ဟု ဆိုသည်။
အစိုးရတစ်ရပ်အနေဖြင့်ငွေကြေးခဝါချမှုများ၊အခွန်တိမ်းရှောင်မှုများရှိနေခြင်းကို သိရှိရန်လိုအပ်ပြီး ယင်းအရာများမှတစ်ဆင့်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို သိထားရန်လိုသည်ဟု ဆိုသည်။
" အဲဒါတွေကိုနံပါတ်တစ်အချက်သိဖို့ပါ။ သိပြီးရင်ဘယ်လိုလျှော့ချမလဲဆိုတဲ့အဖြေကိုရှာရမှာပေါ့။ ရှာပြီးရင်အဲဒီအတိုင်း ဦးစားပေးတစ်၊နှစ်၊သုံး၊လေး ချမှတ်ပြီးဆောင်ရွက်ဖို့ပါ" ဟု ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစီရင်ခံ စာပြုလုပ်ခဲ့ရာမှ ယင်းကဲ့သို့ ငွေကြေးခဝါချမှု အများဆုံးဖြစ်သည့် ကဏ္ဍများကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာကို ငါးနှစ်တစ်ကြိမ်ပုံမှန်ဆောင်ရွက်သွား မည်ဖြစ်သည်။
" ငါတို့ဒီလောက်ဝင်ငွေရရင် ဒီလောက်အခွန်ဆောင်ရမယ် စသဖြင့််လူတွေအားလုံးရဲ့အသိက တူညီသွားဖို့လိုတာပါ" ဟု ၎င်းက ပြောသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ငွေကြေးခဝါချမှုများကို အရေးယူဆောင်ရွက်မှုပေါင်း ၁၀ဝကျော်ရှိပြီဖြစ်သည်။
ယခုကျင်းပသည့်အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံတော်အဆင့် မဟာဗျူဟာ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့်အကြောင်းကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအား အသိပေးခြင်းဖြစ်ကြောင်း ရဲမှူးချုပ် ကျော်ဝင်းသိန်းက ပြောသည်။
















