တပ်မတော်၏ သမိုင်းဝင်တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းနှစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၃၀ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်အနေဖြင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများ တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးအား လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းခဲ့ပြီးနောက် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သက်တမ်းထပ်တိုးပေးခဲ့ခြင်းဖြစ်သည်။
ယုံကြည်မှုအပြည့်
ထိုကဲ့သို့စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့်ကာလအတွင်း၌ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့အခြေအနေမျိုးတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ယခုထက် ပိုမိုဆက်လက်ဆောင်ရွက်နိုင်ရေးရည်ရွယ်ကာ အဆိုပါတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား သြဂုတ် ၃၁ ရက်အထိ နှစ်လသက်တမ်းတိုးမြှင့်ရပ်ဆိုင်း လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
















