သံဓာတ်ချို့တဲ့ရင် ကိုယ်ခန္ဓာကဘာတွေပြောင်းလဲသွားမလဲ

သံဓာတ်ချို့တဲ့ရင် ကိုယ်ခန္ဓာကဘာတွေပြောင်းလဲသွားမလဲ

ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ သံဓာတ်ဟာလည်းတစ်ခုအပါအဝင်ပါပဲ။ သံဓာတ်ဟာသွေးနီဆဲလ်တွေထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Hemoglobin) လို့ခေါ်တဲ့ ပရိုတင်းဓာတ်ဖြစ်ပြီးအောက်စီဂျင်ကိုကိုယ်ခန္ဓာအနှံ့သယ်ပို့ဖို့ ကူညီပေးပါတယ်။

 ဟေမိုဂလိုဘင် မလုံလောက်တဲ့အခါ တစ်သျှူးနဲ့ ကြွက်သားတွေကအားပျော့သွားပြီးသွေးအားနည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

အစာအာဟာရ ပြည့်ဝစွာမစားတာ၊ ဒါမှမဟုတ် အစားရှောင်တာတွေကြောင့် သံဓာတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီးလက်ရှိကမ္ဘာအနှံ့ကကလေးတွေမှာသံဓာတ်အားနည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါတွေ အရမ်းအဖြစ်များနေပါတယ်။

 ဒီတော့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးပါတဲ့ သံဓာတ်နည်းနေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာသိထားဖို့တော့ လိုမယ်နော်။

သံဓာတ်ချို့တဲ့သူတွေမှာဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

၁။ တခြားသူတွေထက် ပိုပြီးမောပန်းလွယ်တယ်။
၂။ မျက်နှာကသွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေမယ်။
၃။ အသက်ရှူမဝသလိုခံစားနေရမယ်။
၄။ ခေါင်းမူးခေါင်းကိုက်ဖြစ်မယ်။
၅။ ရင်တုန်ပန်းတုန်ဖြစ်မယ်။
၆။ အရေပြားနဲ့ ဆံပင်တွေ ခြောက်ပြီးပျက်စီးမယ်။
၇။ လျှာနဲ့ နှုတ်ခမ်းအတွင်းမှာနီရဲပြီးရောင်နေတာ၊ ဖြူဖပ်ဖြူရော်ဖြစ်နေတာတွေ့ရမယ်။
၈။ ခြေထောက်ကယားသလို၊ ကြွက်တက်သလိုဖြစ်ပြီးညအိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတယ်။
၉။ လက်သည်းတွေကခုံးပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေမယ်။
၁၀။ ခြေဖျားလက်ဖျားတွေ အေးစက်နေမယ်။

သံဓာတ်ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား။

အပေါ်မှာ ပြထားတဲ့ လက္ခဏာတော်တော်များများသင့်မှာရှိနေပြီဆိုရင်တော့ သံဓာတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ အရင်ဆုံးပြကြည့်ဖို့ပါ။ လိုအပ်တဲ့ သွေးဖောက်စစ်ခြင်းတွေ ပြုလုပ်ပြီးကိုယ့်သွေးထဲမှာသံဓာတ်ပမာဏဘယ်လောက်ရှိလဲ၊ သွေးအားနည်းရောဂါတွေပါ ရှိလားဆိုတာစစ်ဆေးမှာ ဖြစ်ပါတယ်။ 

သံဓာတ်ချို့တဲ့ခြင်းအတွက် နေ့စဉ်စားနေတဲ့ အစားအစာနဲ့ သံဓာတ်အားဆေးကိုပုံမှန်ပြန်သောက်ပေးရုံနဲ့ ကုသလို့ ရပါတယ်။ ဒီကုသခြင်းရဲ့ ရည်ရွယ်ချက်ကဟေမိုဂလိုဘင်ကိုပုံမှန်အဆင့်ပြန်ရောက်စေပြီးသွေးတွင်းအောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

သံဓာတ်နည်းတဲ့သူတွေ ဘာကိုအဓိကစားပေးဖို့ လိုအပ်လဲ။

•    အနီရောင်အသားတွေ (အထူးသဖြင့် ဝက်သား၊ ကြက်သား)
•    အစိမ်းရင့်ရောင် ဟင်းရွက်တွေ
•    အခြောက်ခံထားတဲ့ အသီးတွေ
•    ပဲစိမ်း၊ ပဲအမျိုးမျိုး
•    ပင်လယ်စာ
•    အစေ့အဆန်
•    အခွံမာသီးတွေကိုများများစားပေးလို့ပါတယ်။

ဗီတာမင် စီ ဟာသံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်လို့ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေကိုပါ တွဲစားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကော်ဖီ၊ ရေနွေးကြမ်း၊ နို့ထွက်ပစ္စည်းတွေကိုသင့်တင့်ရုံလောက်ပဲသောက်ပေးပါ။

သံဓာတ်အားဆေးကိုတော့ ဆရာဝန်ရဲ့ အညွှန်းပါမှ သောက်တာပိုကောင်းပါတယ်။ အဓိကသံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုပဲများများစားပေးပြီးမလုံလောက်ဘူးဆိုမှ ဖြည့်စွက်အားဆေးတွေရဲ့ အကူကိုယူပါ။

သံဓာတ်ချို့တဲ့ခြင်းကြောင့် မဖြစ်သင့်တဲ့ သွေးအားနည်းရောဂါတွေကိုကာကွယ်ပေးဖို့ မိဘတွေအနေနဲ့ ကလေးစားမယ့် အစာအာဟာရတွေကိုသေချာဂရုစိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021