ထိုင်းနိုင်ငံက ဗန်ကောက်မြို့တွင်ကျင်းပမည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ် ဇယားများ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြုကလပ် VUC အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၈ရက် ဒေသစံတော်ချိန် ညနေ ၅နာရီတွင် ဘက်ဘနွန်ကလပ် ဘီရွတ်နှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကျင်းပ
အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ်၇ရက်မှ ၁၇ရက်အထိ ကျင်းပမည်ဖြစ်ပြီး VUC အသင်းသည် အုပ်စု(ဂ)တွင် လက်ဘနွန်ကလပ် ဘီရွတ် ၊ အင်ဒိုနီးရှားကလပ်ဗားမိုစ့် ၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ VUC အသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် သြဂုတ် ၁၀ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂နာရီတွင် ဗားမိုစ့်၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီခွဲတွင် ဆိုရိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဗိုလ်လုပွဲ
ပြိုင်ပွဲကို အသင်းလေးသင်းပါ အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီမှ အသင်းနှစ်သင်း ကွာတားဖိုင်နယ်သို့ တက်ခွင့်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၄ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၅ရက်၌ ကျင်းပမည်ဖြစ်သည်။ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို သြဂုတ် ၁၇ရက်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရှုံးနိမ့်ထား
VUC အသင်းသည် အဆိုပါပြိုင်ပွဲသို့ နှစ်နှစ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပြီးခဲ့သည့်နှစ်ကပြိုင်ပွဲတွင် အုပ်စုတွင်းပွဲစဉ်အားလုံးကို ရှုံးနိမ့်ကာ အုပ်စုမှထွက်ခဲ့ရသည်။ VUC အသင်းသည် ယခုနှစ်တွင် တစ်အုပ်စုတည်းကျရောက်နေသည့် အင်ဒိုနီးရှားကလပ် ဗားမိုစ့်အသင်းနှင့် ပြီးခဲ့သည့်နှစ်က တစ်အုပ်စုတည်းကျရောက်ခဲ့ရာ ရှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့သည်။
ယခုနှစ်အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြီးခဲ့သည့်ရာသီက ပြည်တွင်းပြိုင်ပွဲနှစ်ရပ်၌ ချန်ပီယံဖြစ်ခဲ့သည့် MIU အသင်းယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း အာဆီယံဖူဆယ် ကလပ်ပြိုင်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့၍ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် VUC အသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။















