မကရင်မ သေဆုံးမှုတွင် စွပ်စွဲခံရသူ ဥပဒေအရာရှိကို ဆက်လက်စစ်ဆေး

မကရင်မ သေဆုံးမှုတွင် စွပ်စွဲခံရသူ ဥပဒေအရာရှိကို ဆက်လက်စစ်ဆေး

အိမ်အကူ ဒေါ်ကရင်မ(ခ)ဒေါ်ခင်သန္တာဦးသေဆုံးခဲ့မှုတွင် လူသတ်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုကို ယနေ့ ဇူလိုင် ၂ ရက်က တောင်ပိုင်းခရိုင်တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့သည်။

ဒေါ်သိင်္ဂီစုသည် ခင်ပွန်းဖြစ်သူ တာဝန်ထမ်းဆောင်သည့် လားရှိုးမြို့သို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် သွားရောက်ခဲ့ရာ နေအိမ်၌ ကျန်ရစ်ခဲ့သည့် အိမ်အကူ မကရင်မ(ခ) မခင်သန္တာဦးသည် ၄င်း၏ရည်းစားဖြစ်သူနှင့် ဆိုင်ကယ်စီးနင်းသွားလာစဉ် ဆိုင်ကယ် တိမ်းမှောက်ပြီး  ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိင်္ဂီစုက တရားရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။

ခင်ပွန်းဖြစ်သူ တာဝန်ထမ်းဆောင်သည့် လားရှိုးမြို့သို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် သွားရောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် ပြန်လာခဲ့သည့် ခရီးလက်မှတ်ဖြတ်ပိုင်းနှစ်စောင်ကို တရားရုံးတော်သို့သက်သေခံအဖြစ်တင်သွင်းခဲ့သော်လည်း တရားလိုဘက်မှလိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက ကန့်ကွက်သောကြောင့် ပယ်ချခဲ့သည်။

ထို့ပြင် မကရင်မ(ခ) မခင်သန္တာဦးသည် ၄င်းတို့ မိသားစုနှင့် ဘုရားဖူးထွက်ခြင်း၊ ဈေးဝယ်စင်တာများ သို့ လည်ပတ်ခဲ့ခြင်း ဓာတ်ပုံလေးပုံနှင့် ဒေါ်သိင်္ဂီစုက မကရင်မကို ရေမွှေးပုလင်းဖြင့် ထုရိုက်ခဲ့သည့်အပေါ် အမှုမဖွင့်လိုတော့ကြောင်း နှစ်ဦးသဘောတူ စာချုပ်တို့ကိုလည်း သက်သေအဖြစ်ရုံးတော်သို့ တင်သွင်းခဲ့ရာ ရုံးတော်က သက်သေခံ အမှတ်စဉ်များအရ လက်ခံခဲ့သည်။

သေဆုံးသူ မကရင်မ၏ မိခင် ဒေါ်လှလှဝင်းက ယခင်ရုံးချိန်းရက်များက အမှုပြန်လည်ရုပ်သိမ်းလွှာ လျှောက်ထားမှုကို တရားစွဲအဖွဲ့အစည်းဖြစ်သည့် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

၂၀၁၈ ခုနှစ်အတွင်းက လှည်းကူးမြို့နယ်၊ အင်းတိုင်ရှိ တပ်မတော်အရာရှိတစ်ဦး၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူ မကရင်မ(ခ)မခင်သန္တာဦးသည် အိမ်ရှင်ဖြစ်သူ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့သည်ဆိုမှုဖြင့် တရားစွဲဆိုတင်ပို့ခဲ့သောအမှုဖြစ်သည်။

ဒေါ်သိင်္ဂီစုကို စစ်ဆေးချက်မပြီးပြတ်သဖြင့် လာမည့် ဇူလိုင် ၉ ရက်တွင် ဆက်လက်စစ်ဆေးရန် ရုံးချိန်းပေးခဲ့သည်။