ရဲတပ်ဖွဲ့က ဦးဝီရသူကို ယနေ့ဇူလိုင်၂ရက်အထိ ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိသဖြင့် တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲဆိုခံထားရသူ၏ မျက်ကွယ်စစ်ဆေးမှုအဖြစ် တရားလိုပြ သက်သေ တိုင်းသာသနာရေးဦးစီးမှူး၊ ရာအိမ်မှူးနှင့် ရဲတပ်ကြပ်တို့ သုံး ဦးကို ယနေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ထပ်မံစစ်ဆေးခဲ့သည်။
မဟာဗန္ဓုလပန်းခြံရှေ့နှင့် မြိတ်မြို့တို့တွင် ဦးဝီရသူ ဟောပြောခဲ့သည့် ဘာသာရေး အဓိကရုဏ်း ဖြစ်စေရန် ဟောပြောမှု၊ အမုန်းတရား ကြီးထွား စေရန် လှုံ့ဆော်ဟောပြောမှုများနှင့် တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေမည့် ဟောပြောမှုများမှာ ဓမ္မဝိနယနှင့် ညီညွတ်မှုမရှိဘဲ နိုင်ငံတော် သံဃမဟာနယကအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအပေါ် ဖောက်ဖျက် ကျူးလွန်ခဲ့သည့် VCD အခွေ၊ ဓာတ်ပုံများကို ရန်ကုန်တိုင်း သာသနာရေး ဦးစီးအရာရှိ ဦးဝေနိုင်က ရုံးတော်ထံ သက်သေ ခံအဖြစ် တင်သွင်းခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့မှ ခေါ်ယူသြဝါဒပေးရန် ပင့်ဖိတ်ခဲ့သည့် စာမိတ္တူနှင့် အကြောင်း မညီညွတ်၍ သြဝါဒပေးမည့်ကိစ္စကို ယာယီရပ်ဆိုင်း ခဲ့ကြောင်း စာမိတ္တူတို့ကိုလည်း ဦးဝေနိုင်က ရုံးတော်သို့ သက်သေခံအဖြစ် တင်သွင်းခဲ့သည်။
မေ ၅ ရက်က မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ)ကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောပွဲနှင့် ပတ်သက်ပြီး ရာအိမ်မှူး ဦးတင်ဝင်းက မြင်တွေ့ခဲ့သည်တို့ကို ရုံးရှေ့တွင် အစစ်ဆေးခံခဲ့သည်။
ထို့အတူ ကျောက်တံတားမြို့မရဲစခန်းမှ ရဲတပ်ကြပ်မောင်မောင်ချိုက ဆန္ဒထုတ်ဖော်ပွဲတွင် ၄င်းတာဝန်ယူဆောင်ရွက်ခဲ့ရသည့် ရဲလုပ်ငန်းစဉ်များကို ရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။
မျက်ကွယ်တွင် စစ်ဆေးနေသည့် အဆိုပါ အမှု၌ တရားလိုပြ သက်သေကိုးဦး တင်သွင်းခဲ့ပြီး စစ်ဆေးရန်သုံးဦးသာ ကျန်ရှိတော့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

















