မိတ္ထီလာမြို့နယ် မြာကျေးရွာတွင် ၆၂ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီးကို တစ်ရွာတည်းနေထိုင်သူက အဓမ္မပြုကျင့်ရန် ကြံစည်မှုကို သက်ဆိုင်ရာက ဇူလိုင် ၁ ရက်တွင် အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့သည်။
မိတ္ထီလာမြို့နယ် မြာကျေးရွာနေ အသက် ၅၀ အရွယ်အမျိုးသမီး(စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီး၏ညီမ)က အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၂၂ ရက် ညနေ ၃ နာရီခန့်တွင် တိုင်ကြားသူအမျိုးသမီးက နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေအမျိုးသားနှစ်ဦးရောက်လာကာ၎င်း၏အစ်မဝမ်းကွဲကို အဓမ္မပြုကျင့်ရန်ကြံစည် နေသည်ကိုမြင်ခဲ့ကြောင်း လာရောက်သတင်းပေးခဲ့သည်။
ကျေးရွာအနောက်ဘက်(၃)ဖာလုံခန့်အကွာချောင်းဘေးရှိ ကန္တာရတောစပ်တွင် တစ်ရွာတည်းနေ ငမော့(၃၀)နှစ်က စိတ်ကျန်းမာရေးမကောင်းသူ အစ်မဝမ်းကွဲကို အဓမ္မပြုကျင့်ရန်ကြံစည်နေသည်ကို တစ်ရွာတည်းနေအဆိုပါ အမျိုးသားနှစ်ဦးကတွေ့ရှိခဲ့ခြင်းဖြစ်သည်။
စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီး၏ညီမက အဆိုပါကိစ္စကို ဇွန် ၂၃ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။
တစ်ရွာတည်းသားချင်းဖြစ်သဖြင့် ဆုံးမပေးမည်ဖြစ်ကြောင်းအုပ်ချုပ်ရေးမှူးကပြောဆိုသည့်အပြင် ငမော့၏ မိဘများ လာရောက်တောင်းပန်ပါကလည်း ကျေနပ်ပေးရန် ပြောဆိုခဲ့သဖြင့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီး၏ညီမက စောင့်ဆိုင်းခဲ့သည်ဟု ဆိုသည်။
ထိုသို့ စောင့်ဆိုင်းခဲ့သော်လည်း ငမော့၏ မိဘများ လာရောက်တောင်းပန်ခြင်းမရှိသောကြောင့် ဇူလိုင် ၁ ရက်တွင် မိတ္ထီလာမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။
မိတ္ထီလာမြို့မရဲစခန်းက (ပ)၃၉၄/၁၉ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁အရ အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။
















