မြိတ်မြို့တွင် စကားများရန်ဖြစ်ခဲ့သည်ကို မကျေမနပ်ဖြစ်ကာ နေအိမ်ပေါ်တက်၍ သေနတ်ဒင်နှင့်ထု ရဲတင်းဖြင့်ခုတ်ခဲ့မှုကို သက်ဆိုင်ရာက ဇူလိုင် ၂ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။
ဇူလိုင် ၁ ရက်ည ၇ နာရီခန့်တွင် မြိတ်မြို့ချောင်းလမ်းဖုန်းကျေးရွာနေ ဦးစိုးနိုင်သည် နေအိမ်၌တစ်ဦးတည်းရှိနေစဉ်တစ်ရွာတည်းနေ အေးစိုး(၄၅)နှစ် ရောက်လာပြီး စကားများရန်ဖြစ်ကာ နေအိမ်တံခါးကို ဖွင့်ခိုင်း၍ အိမ်ပေါ်သို့တက်ခဲ့သည်။
အိမ်ပေါ်သို့ရောက်စဉ် ဦးစိုးနိုင်၏မျက်နှာဝဲဘက်ကို ၄င်း၏လက်ဖြင့်ရိုက်လိုက်ရာလဲကျသွားစဉ် တူမီး ယမ်းထောင်းသေနတ်ဒင်ဖြင့် ဦးစိုးနိုင်၏ဝဲဘက်နံရိုး၊ ဝဲဘက်လက်မောင်းတို့ကို ထုရိုက်ခဲ့သည်။
ထို့နောက် ဝဲဘက်မျက်နှာ ညာဘက်ဦးခေါင်းနားရွက်နောက်ကို ရဲတင်းနှင့် ခုတ်၊ထု၊ ရိုက်နှက်ခဲ့သဖြင့် ပွန်းပဲ့ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိခဲ့သည်။
နောက်ရက် နံနက်ပိုင်းတွင် နှစ်ဖာလုံခန့်ဝေးကွာသည့် ကျေးရွာတာဝန်ခံ နေအိမ်သို့ သွားရောက်ပြီး အကျိုးအကြောင်းပြောဆိုကာ ဇူလိုင် ၂ ရက်မွန်းလွဲ ၁ နာရီတွင် သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
ရရှိသည့် ဒဏ်ရာများကြောင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသောကြောင့် ပြည်ကြီးမဏ္ဍိုင်ရဲစခန်းက (ပ)၁၂/၁၉ ၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂/၃၂၅/၃၂၄ အရ အမှုဖွင့်အရေးယူခဲ့သည်။
ပြစ်မှုကျူးလွန်သူ အေးစိုးကို သက်ဆိုင်ရာက ဖမ်းဆီးကာ အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် တူမီးသေနတ်နှင့် ရဲတင်း(ခ)ကပ်ပါးတို့ကို သိမ်းဆည်းကာ ဆက်လက် အရေးယူ ထားသည်။

















