တွံတေးမြို့နယ်တွင် ရာအိမ်မှူးပါဝင်ကျူးလွန်သည့် လူသတ်အလောင်းဖျောက်မှုမှ တိမ်းရှောင်နေသူ ခုနစ်ဦးအနက်နှစ် ဦးကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးထားကြောင်း ယနေ့ဇူလိုင်၃ရက်၌ တွံတေးမြို့မရဲစခန်းမှ သတင်းရရှိသည်။
ဘက်ထရီအိုးမရွေးယူနိုင်သဖြင့် အရက်သောက်ရင်း စကားများရန်ငြိုးထားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဇီးဖြူကုန်းကျေးရွာ ရာအိမ်မှူး ဖိုးထောင်(ခ)ကျင်သောင်းအပါအဝင် ကိုးဦးတို့က ဇွန် ၂၁ ရက် ည ၁၀ နာရီတွင် ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦး၊ မောင်မောင်၊ ဖားမျက်လုံး(ခ)မောင်မောင် (၂) နှင့် နိုင်လင်းထွန်းတို့လေးဦးကို ကြိုးဖြင့်တုပ်ကာ ရဲစခန်းသို့ အပ်နှံမည်ဟုပြော၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် လှေဖြင့်ခေါ်ဆောင်လာစဉ် တွံတေးတူးမြောင်းအတွင်း၌ သိန်းဇော်ဦး၊ မောင်မောင်နှင့်နိုင်လင်းထွန်းတို့ကို ဓားဖြင့်ခုတ်သတ်ကာ ရေထဲသို့ပစ်ချခဲ့ပြီး ဖားမျက်လုံး(ခ) မောင်မောင်ကို ထိုးကြိတ်၍ပြန်လွှတ်ခဲ့သည်။
လူ သုံးဦးကို ဓားဖြင့်ခုတ်သတ်ကာ ထွက်ပြေးတိမ်းရှောင်နေသူကိုးဦး ကို စစ်ဆေးနိုင်ရန် တွံတေးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၆၄/ ၄၅၂/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းနေစဉ် ရာအိမ်မှူး ဖိုးထောင်(ခ)ကျင်သောင်းနှင့် ဇော်မင်းထွေး(ခ)ပါစတီး တို့ကို သက်ဆိုင်ရာက ဇွန် ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
တိမ်းရှောင်နေသူ ခုနစ်ဦးအနက် ဆန်းဦး၊ ဇော်လှမျိုး(ခ) ငှက်ရိုး တို့ကို သက်ဆိုင်ရာက ဇွန် ၂၉ ရက်တွင် ထပ်မံဖမ်းဆီးကာ ကျန်ငါး ဦးကို ဖမ်းဆီးစစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
















