ပစ္စည်းများခိုးယူသွားသူကို ခိုးရာပါလက်ကိုင်ဖုန်း၏ ID မှတစ်ဆင့် ခြေရာခံဖမ်း

ပစ္စည်းများခိုးယူသွားသူကို ခိုးရာပါလက်ကိုင်ဖုန်း၏ ID မှတစ်ဆင့် ခြေရာခံဖမ်း

တာချီလိတ်မြို့ရှိနေအိမ်တစ်ခုမှ ပစ္စည်းများခိုးယူသွားသူကို ခိုးရာပါလက်ကိုင်ဖုန်း၏ ID မှတစ်ဆင့် ခြေရာခံဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ခိုးရာပါပစ္စည်းလက်ခံခဲ့သူကိုပါ သက်ဆိုင်ရာက ဇူလိုင် ၂ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

မေလအတွင်းက မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်မှ ရွှေထည်နှင့် အိုင်ဖုန်း(i Phone)သုံးလုံး ခိုးယူခံရကြောင်း တိုင်ကြားသဖြင့် တာချီလိတ်မြို့မ ရဲစခန်းက (ပ)၂၉၈/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

ခိုးယူခံရသည့် ဖြစ်စဉ်တွင်ပါရှိသွားသည့် အိုင်ဖုန်း၏ ID အား သက်ဆိုင်ရာက ခြေရာခံဖော်ထုတ်ခဲ့ရာ ခိုးယူခံရသည့် ဖုန်းသုံး လုံးအနက် တစ်လုံးသည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ အလှပြင်ဆိုင်တွင်ရှိနေကြောင်း တည်နေရာဖော်ပြနေသဖြင့် သက်ဆိုင်ရာက အဆိုပါ အလှပြင်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။

ID နံပါတ်ပါ ပျောက်ဆုံးသွားသည့် လက်ကိုင်ဖုန်းကို ဆိုင်ဝန်ထမ်း အမျိုးသမီးထံတွင်တွေ့ရှိသဖြင့်မေးမြန်းရာ ဖခင်ဖြစ်သူက ပေးထားခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

၄င်း၏ ဖခင်ကို ဆက်လက်စုံစမ်းခဲ့ရာ ကျော်ထွန်းလင်း(ခ)သားငယ် ထံမှ အခြားလက်ကိုင်ဖုန်းတစ်လုံးနှင့်လဲလှယ်ခဲ့ကြောင်း သိရှိရသဖြင့် ကျော်ထွန်းလင်း(ခ)သားငယ် (၃၀ နှစ်)ကို ဆက်လက်စုံစမ်းခဲ့သည်။

ထိုသို့စုံစမ်းခဲ့ရာ ရန်အောင်မြေရပ်ကွက်နေကျော်ထွန်းလင်း(ခ)သားငယ်နှင့် ဖန်မင်းအုပ်စုနေ ရဲမင်းထက် (၂၀ နှစ်)ဆိုသူတို့ကို ဇွန် ၃၀ ရက်တွင် ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ပြီး ၄င်းတို့ နှစ်ဦးကို စစ်ဆေးချက်အရ တိုင်ကြားထားသည့်အမှုပေါ်ပေါက်ခဲ့သည်။

ခိုးယူရရှိခဲ့သည့်ပန်းပွင့်ပုံဆွဲသီးပါရွှေဆွဲကြိုးတစ်ကုံး၊ကျောက် လက်စွပ်တစ်ကွင်း၊ ရွှေဖြူဆွဲကြိုးတစ်ကုံးတို့ကို တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စုပန်စလိရွာ ရော်ဘာခြံအတွင်းနေ ဦးကျော်မြင့်(၆၀ နှစ်)ထံ ရောင်းချခဲ့ကြောင်း သိရသဖြင့် သက်ဆိုင်ရာက အဆိုပါပစ္စည်းများကို သိမ်းဆည်းကာ ၄င်းတို့သုံး ဦးကို အမှုဖွင့်အရေးယူခဲ့သည်။