နေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်-၁၅ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့သည် ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် YUSC ကွင်း၌ ယှဉ် ပြိုင်မည်ဖြစ်ရာ နှစ်ဖက်အသင်းခေါင်းဆောင် နှစ်ဦးစလုံး အဆိုပါပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ် ကြောင့် လွဲချော်မည်ဖြစ်သည်။
ငါးပွဲပယ်
ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ရန်အောင်ကျော်သည် ပြီးခဲ့သည့် ဇွန် ၂၉ ရက်ကယှဉ်ပြိုင်ခဲ့သည့် ဟံသာဝတီယူနိုက် တက်နှင့်ပွဲစဉ်တွင် အဝါကတ်ပြသခံရပြီး ပွဲစဉ် သုံးပွဲ အဝါကတ်ပြသခံရသဖြင့် အလိုအလျှောက် တစ်ပွဲပယ် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ ထို့ ကြောင့် လာမည့် ရတနာပုံအသင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ အလားတူ ရတနာပုံ အသင်းခေါင်းဆောင် ရဲကိုဦးမှာလည်း ပြီးခဲ့ သည့် ဇွန် ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်း ယူနိုက်တက်နှင့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဆုံး ဖြတ်ချက်ကို မကျေနပ်၍ စောဒကတက်ခဲ့သဖြင့် စည်းကမ်း ထိန်းသိမ်းရေးက ငါးပွဲပယ်ပြစ် ဒဏ်ချမှတ်ခံထားရသည်။
ထို့ကြောင့် လာမည့်ရန်ကုန်ယူနိုက်တက် နှင့် ရတနာပုံအသင်းပွဲစဉ်တွင် ရန်ကုန်ယူ နိုက်တက် ဒုတိယအသင်းခေါင်းဆောင် ဂိုး သမားကျော်ဇင်ထက်က အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူမည်ဖြစ်ပြီး ရတနာပုံမှ ဒုတိယ အသင်းခေါင်းဆောင်လှိုင်းဘိုဘိုက အသင်း ခေါင်းဆောင်အဖြစ် ပွဲထွက်လာမည်ဖြစ်သည်။
အတည်ပြု
ရန်ကုန်ယူနိုက်တက်ဂိုးသမား ကျော်ဇင် ထက်မှာ တောင်ကြီးကွင်း၌ယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက်နှင့်ပွဲစဉ်တွင် ရရှိခဲ့သည့် ဦး ခေါင်းဒဏ်ရာ သက်သာခဲ့ပြီဖြစ်၍ ရတနာပုံ နှင့်ပွဲ၌ ပါဝင်မည်ဟု နည်းပြချုပ် ဦးတင်မောင် ထွန်းက အတည်ပြုခဲ့သည်။
ကျော်ဇင်ထက် ပြန်လည်ပါဝင်လာပါက ဦးခေါင်းစွပ် ဝတ်ဆင်၍ ပွဲထွက်လာနိုင်ဖွယ်ရှိ နေပြီး ၎င်းဝတ်ဆင်မည့် ဦးခေါင်းစွပ်ကို ရန်ကုန် ယူနိုက်တက်တာဝန်ရှိသူများက မလေးရှားနိုင်ငံ သို့ သွားရောက်ဝယ်ယူနေသည်။
















