ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

ယခင်တစ်ပတ်မှအဆက်−

မိမိစာအုပ်စင်ကိုကြည့်ပြီးနောက် ''မအောင်မြင်သူတွေကတော့ ဒီလိုပါပဲ'' ဟူ၍ပြောခဲ့ခြင်းမှာ မိမိကရာထူးနိမ့်နေသော်လည်း ကြွားဝါလို၍ စာအုပ်များကိုဝယ်ပြီး ဟိတ်ဟန်ထုတ်သည့် အဓိပ္ပာယ်ဖြင့် ပြောခြင်းဖြစ်သည်ဟု မိမိနားလည်လိုက်ပါသည်။

သို့သော် မိမိတို့ဗုဒ္ဓဘာသာဝင်များ ယုံကြည်မှုအရ ''ကံ'' သို့မဟုတ် ''ကံကြမ္မာ'' ဟူ၍ ပြောရမည်လားမသိ။ နောက်ဆယ်စုနှစ်တစ်ခုအတွင်း ခေတ်စနစ်များပြောင်းလဲသောအခါ သူသည် (လစာနှုန်း ၁,ဝဝဝ−၅ဝ−၁,၄ဝဝ) ရရှိသော လက်ရှိခရိုင်ဝန်ရာထူးမှ လစာနှုန်း ပုံသေ ၁,၆ဝဝ ရရှိသည့် တိုင်းမင်းကြီး/ အတွင်းဝန်ရာထူးသို့ ရောက်ရှိခြင်းမရှိတော့ဘဲ ၁၉၇၃ ခုနှစ်တွင်အုပ်ချုပ်ရေးစနစ်သစ်သို့ ပြောင်းလဲသောအခါ အထွေထွေအုပ်ချုပ်ရေးအရာရှိများဖြစ်ကြသော မြို့ပိုင်၊ နယ်ပိုင်၊ခရိုင်ဝန်စသည့်အရာရှိများ တန်ခိုးမှေးမှိန်သွားပြီး ပြည်သူ့ကောင်စီရုံးအဆင့်ဆင့်၏ ရုံးဝန်ထမ်းများဖြစ်သွားခဲ့ကြရာ ခရိုင်ဝန်ကြီးမှာ B.L. ဘွဲ့ရရှိထားသူဖြစ်၍ အထွေထွေဌာနတွင် ဆက်လက်မနေတော့ဘဲ ထိုစဉ်က ရှေ့နေချုပ်ရုံး (နောင်တွင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၏ လက်အောက်ရှိဗဟိုဥပဒေရုံး)သို့ ခရိုင်ဝန်နှင့် လစာနှုန်းတူသော အစိုးရလွှတ်တော်ရှေ့နေအဖြစ် ပြောင်းရွှေ့သွားခဲ့သည်။

နောင်တွင် ရာထူးအခေါ်အဝေါ်များ ပြောင်းသောအခါ ဥပဒေဝန်ထမ်းအဆင့်- ၁ ဖြစ်လာခဲ့သည်။ သူသည် အုပ်ချုပ်ရေးဌာနမှပြောင်းရွှေ့လာသူဖြစ်သည့်အပြင် ညွှန်ကြားရေးမှူးချုပ်ပြီးလျှင် အမြင့်ဆုံးဖြစ်ပြီး ထိုစဉ်က စီမံရေးရာ ဌာနစုမှူးဟုခေါ်ဆိုခဲ့သော ရာထူးတွင်တာဝန်ပေးခြင်းခံရသော်လည်း နောင်ပြင်ဆင်ဖွဲ့စည်းသော ဗဟိုဥပဒေရုံးတွင် ညွှန်ကြားရေးမှူးပင်ဖြစ်မလာခဲ့ဘဲ ဥပဒေဝန်ထမ်းအဆင့်- ၁ အဖြစ် အမှုလိုက်ဌာနသို့ ပြောင်းရွှေ့ခြင်းခံရပြီး ထိုရာထူးဖြင့် ပင်စင်ယူခဲ့ရသူဖြစ်သည်။

သူက မအောင်မြင်သူဟူ၍သတ်မှတ်ခဲ့သော မိမိမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် နယ်ပိုင်ဝန်ထောက်ရာထူးနှင့်တူညီသော မြို့နယ်ဦးစီး ဌာနမှူးရာထူးသို့ တိုးမြှင့်ခံရတော့မည့်အချိန်တွင် ထိုရာထူးကိုစွန့်လွှတ်ခဲ့ပြီး ထိုရာထူးနှင့်အဆင့်တူဖြစ်သော ဥပဒေဝန်ထမ်းအဆင့်- ၃ ရာထူးဖြင့် ထိုစဉ်က ရှေ့နေချုပ်ရုံး (နောင်တွင် ဗဟိုဥပဒေရုံး) သို့ ပြောင်းရွှေ့ခဲ့ရာ ရာထူးအဆင့်ဆင့်တိုးခဲ့ပြီး ၁၉၉၂ မှ ၁၉၉၈ ခုနှစ်ထိ ရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။

ဤကဲ့သို့ မိမိကဝန်ထမ်းဘဝတွင် အမြင့်ဆုံးဖြစ်သော ညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့် ပင်စင်ယူခဲ့သော်လည်း သူက ညွှန်ချုပ်ရာထူးအောက် ၃ ဆင့်နိမ့်သောဥပဒေဝန်ထမ်းအဆင့်- ၁ (နောက်ပိုင်းအခေါ် လက်ထောက်ညွှန်ကြားရေးမှူး) အဆင့်ဖြင့် ပင်စင်ယူသွားခဲ့ရခြင်းမှာဗုဒ္ဓဘာသာဝင်များအနေဖြင့် ကံ၏အကျိုးပေးသာလျှင် ဖြစ်ပါသည်။မိမိဌာန၏ လုပ်ငန်းများမှာ ကျေးရွာများ အုပ်ချုပ်ရေး၊အခွန်ကောက်ခံရေး၊ တရားစီရင်ရေးနှင့် ငွေတိုက်လုပ်ငန်းများဖြစ်သော်လည်း နယ်မြေလုံခြုံရေး အခြေအနေမကောင်းသဖြင့် ပုံမှန်အခြေအနေအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကျေးရွာများသို့လည်း မိမိအစီအစဉ်ဖြင့် ခရီးမထွက်နိုင်၊ အခွန်ကောက်ခံခြင်းလည်း ပုံမှန်အတိုင်းမလုပ်နိုင်။ ရာဇဝတ်မှုများလည်း အလွန်နည်းသဖြင့် နေ့စဉ်ဆက်တိုက်စစ်ဆေးရခြင်းမရှိ၊ ခရီးမထွက်နိုင်သဖြင့် ငွေတိုက်လုပ်ငန်းကိုမူ နေ့စဉ်ဆောင်ရွက်နိုင်သည်။ ငွေတိုက်စာရေး ခွင့်တစ်လယူသဖြင့် ခရိုင်ဝန်ရုံးမှ စာရေးတစ်ဦးက ခေတ္တလာရောက်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၎င်းအလုပ်စတင်သည့်ပထမနေ့တွင် ညနေငွေတိုက်ပိတ်ချိန်၌ ရငွေ၊ ပေးငွေများကို စစ်ဆေးပြီး နေ့စဉ်ပိုငွေများကို ငွေတိုက်အတွင်းထည့်သွင်းရန် ငွေတိုက်စာရေးအသစ်က တင်ပြလာသဖြင့် စာရင်းများစစ်ဆေး၍ ငွေသွင်းချလံများနှင့် ငွေပေးဘောင်ချာများကို လက်မှတ်ရေးထိုးပြီးနောက် ငွေများကိုရေတွက်မည်ပြုသောအခါ ငွေတိုက်စာရေးက ''ငွေတွေကို ရေတွက်စစ်ဆေးဦးမှာလား'' ဟုမေးရာ မိမိကအံသြစွာဖြင့် ''စစ်ရမှာပေါ့၊ ငွေလျော့နေရင် ကိုယ်ပါထောင်ကျမှာပေါ့'' ဟုပြောရာ သူ၏မျက်နှာမကောင်းလှပေ။

လုံခြုံရေးအခြေအနေအရ သိမ်းယူထားခြင်းဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းမှန်ကန်ဖို့လိုကြောင်း၊အစိုးရဌာနများအနေဖြင့် ဌာနပိုင်ငွေများပြားပါက ငွေတိုက်သို့ပေးသွင်းခြင်း မပြုနိုင်မီ . . .

မိမိသည် အလုပ်သင်အရာရှိအဖြစ် ဆောင်ရွက်စဉ်က ဆရာသမားများပြောပြထားသည့်အတိုင်း လိုက်နာလျက်ငွေတိုက်စာရင်းများကို အကြွေစေ့ပါမကျန်ရေတွက်ပြီးမှ ငွေတိုက်ကိုဖွင့်လှစ်ပြီး လက်ကျန်ငွေများကို ငွေတိုက်သေတ္တာများအတွင်းထည့်သွင်းသိမ်းဆည်းသည့်အကျင့်ရှိသည်။ငွေစက္ကူများကို ရေတွက်ရာတွင်မူ ရုံးအကူနှင့် ဆင့်စာလုလင်များကိုခေါ်၍ မိမိက ဆယ်ရွက်ခန့်လောက် ခေါက်ပေးထားသော အရွက်တစ်ရာပါ ငွေစက္ကူထုပ်များကို ရေတွက်စေပြီးနောက်မှ ခေါက်ထားသောအရွက်များကို မိမိကရေတွက်စစ်ဆေးသည့် စနစ်ကိုသုံးသည်။ ဤသို့နေ့စဉ်ငွေတိုက်လက်ကျန်ငွေများကို စစ်ဆေးခြင်းဖြင့် ငွေတိုက်စာရေးက ငွေအလွဲသုံးစားလုပ်မှုကိုကာကွယ်နိုင်သည်ဟု ဆရာသမားများ၏ သင်ကြားထားသည့်အတိုင်း မိမိကမြို့နယ်တိုင်းတွင် လိုက်နာကျင့်သုံးခြင်းမှာ မိမိအတွက်အလွန်ကောင်းသည်။ ဤယာယီငွေတိုက်စာရေးမှာ ခရိုင်ဝန်ရုံးမှ အောက်တန်းစာရေးတစ်ဦးဖြစ်ပြီး ခရိုင်အတွင်းရှိ ငွေတိုက်ခွဲများမှ စာရေးများ လုပ်သက်ခွင့်ယူသောအခါ သူ့ကိုခေတ္တတာဝန်ပေးလေ့ရှိသည်။

တစ်ခါကမူ မြို့နယ်ငွေတိုက်တစ်ခုတွင် ငွေများထောင်ဂဏန်းလောက် လျော့နည်းနေရာ ငွေတိုက်ခွဲအရာရှိနှင့် ငွေတိုက်စာရေးတို့က စိုက်လျော်လိုက်ရသည်ဟု သိရသည်။ တစ်ကြိမ်တည်း မလျော်နိုင်သဖြင့် လစဉ်လစာမှဖြတ်တောက်ရသည်ဟုလည်း သိရသည်။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်သော အရာရှိနှင့် ခရိုင်ဝန်တို့သဘောကောင်းမှုကြောင့် အလွဲသုံးစားမှုဖြင့် ထောင်မကျခြင်းဖြစ်သည်။ နောင်မှကြားသိရသည်မှာ ယခုဖော်ပြခဲ့သော ယာယီငွေတိုက်စာရေးက ၎င်းငွေတိုက်တွင် ခေတ္တတာဝန်ယူပြီးနောက် ဖြစ်ပွားခြင်းဖြစ်ရာသူ၏လက်ချက်ဖြစ်ဖို့ များပါသည်။ ငွေတိုက်အရာရှိကငွေစက္ကူူများရေတွက်ခြင်းမရှိဘဲ အထုပ်လိုက်ရေလေ့ရှိသည်ကို အခွင့်ကောင်းယူ၍ ငွေစက္ကူထုပ်များမှရွက်ရေအနည်းငယ်စီကို နှိုက်ယူထားခြင်းဖြစ်မည်။သရက်ချောင်းငွေတိုက်ခွဲတွင် နေ့စဉ်ငွေသွင်း၊ ငွေထုတ်ရှိသော အစိုးရဌာနများမှာ မြို့နယ်ကုန်သွယ်ရေးနှင့် စာတိုက်ဌာနဖြစ်သည်။ စိုက်ပျိုးရေးဘဏ်ရုံးခွဲရှိသော်လည်း လုံခြုံရေးအခြေအနေကြောင့် စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးခြင်းလည်း မပြုလုပ်နိုင်၊ ယခင်ချေးထားသောအကြွေးကျန်များကိုလည်း ကောက်ခံခြင်းမပြုနိုင်သဖြင့် ငွေသွင်းငွေထုတ်မရှိချေ။ ကျန်အစိုးရဌာနများမှာ လကုန်ရက်တွင် လစာထုတ်ခြင်းနှင့် ခရီးစရိတ်များထုတ်ခြင်းသာရှိသည်။ ကျေးရွာသမဝါယမအသင်းများမှာမူ မြို့နယ်ငွေတိုက်ခွဲတွင် စာရင်းဖွင့်လှစ်၍ ဆက်သွယ်ဆောင်ရွက်ခြင်းမရှိချေ။ မြို့နယ်သမဝါယမအရာရှိအနေဖြင့် ဝန်ထမ်းအချို့ကို ငွေထုတ်ချေးကြောင်းနှင့် ပါတီယူနစ်ဥက္ကသြည် မော်လမြိုင်သို့ ပါတီတိုင်းခွဲအစည်းအဝေးသွားရောက်တိုင်း မြို့နယ်သမဝါယမအရာရှိထံမှ ခေတ္တငွေချေးယူသွားလေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းနှင့်တွေ့ဆုံစဉ် မည်သည့်ရန်ပုံငွေများဖြစ်ကြောင်း မေးမြန်းရာ ကျေးရွာသမဝါယမအသင်း ၃ဝကျော်မှ ငွေများဖြစ်ကြောင်း၊ သောင်းကျန်းသူများ လုယူမည်ဖြစ်သဖြင့် ကြိုတင်သိမ်းယူထားခြင်းဖြစ်ကြောင်း၊နလကနှင့် ပါတီယူနစ်တို့၏ ဆုံးဖြတ်ချက်အရ ယင်းသို့သိမ်းယူထားခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယမအရာရှိက ပြောသည်။

မိမိက ''လုံခြုံရေးအခြေအနေအရ သိမ်းယူထားခြင်းဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းမှန်ကန်ဖို့ လိုကြောင်း၊ အစိုးရဌာနများအနေဖြင့် ဌာနပိုင်ငွေများပြားပါက ငွေတိုက်သို့ပေးသွင်းခြင်းမပြုနိုင်မီသေတ္တာတွင်လုံခြုံစွာထည့်၍ ချိတ်ပိတ်ပြီး ရဲဌာနတွင်အပ်နှံထားရကြောင်း၊ မြို့နယ်သမဝါယမအရာရှိအနေဖြင့် သိန်းနှင့်ချီ၍ များပြားသောငွေများကို အချိန်ကြာမြင့်စွာ မိမိလက်ဝယ်တွင်ထားရှိခြင်းမှာ လုပ်ထုံးလုပ်နည်းမမှန်ကြောင်း၊ ကျေးရွာ သမဝါယမအသင်းပိုင်ငွေများကို ယခုကဲ့သို့ အချိန်ကြာမြင့်စွာ တရားမဝင်ထိန်းသိမ်းထားမည့်အစား အတိုးလည်းရရှိစေရန် စာတိုက်တွင် ကျေးရွာအလိုက် ငွေစုစာအုပ်ဖွင့်လှစ်၍ အပ်နှံထားသင့်ကြောင်း နောင်တွင်လုံခြုံရေး ကောင်းမွန်သဖြင့် ပြန်လည်ထုတ်ယူသောအခါ အတိုးပါရရှိမည်ဖြစ်ကြောင်း အကြံပေးသည့်အနေဖြင့် မြို့နယ်သမဝါယမ အရာရှိအားပြောကြားရာ ၎င်းတာဝန်ယူနိုင်ကြောင်း ပြဿနာဖြစ်ရန် အကြောင်းမရှိကြောင်းပြန်ပြောပါသည်။

သူသည် ခြေထောက်သိပ်မသန်သူဖြစ်ပြီး အိမ်ထောင်မရှိဘဲ မိခင်အိုကြီးနှင့်အတူ အမေတစ်ခု သားတစ်ခု နေသူဖြစ်ကြောင်းသိရှိရသည့်အပြင် ဝန်ထမ်းများ၏ ချစ်ခင်မှုခံရသူဖြစ်ကြောင်းလည်းသိရှိရပေရာ မိမိလည်းဤကိစ္စကို ဆက်လက်အရေးယူခြင်းမရှိခဲ့ပေ။ နောင် ၁ဝ နှစ်ခန့်အကြာ မိမိသည် တိုင်းပြည်သူ့ကောင်စီ တရားသူကြီး အဖွဲ့ဝင်အဖြစ် တာဝန်ဖြင့် သရက်ချောင်းမြို့နယ် တရားရုံးသို့ သွားရောက်ပြီး တရားရေးအဖွဲ့ဝင်များ၊ တရားရုံးဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်ရာတွင် ၎င်းအရာရှိမှာ ကျေးရွာသမဝါယမအသင်းများ၏ ရန်ပုံငွေများကိုအလွဲသုံးစားလုပ်မှုဖြင့် ပြစ်မှုသုံးမှုကို တစ်မှုတည်းတွင်ပေါင်း၍ ရာဇဝတ်မှုများစွဲဆိုထားရာ အမှုပေါင်းတစ်ဒါဇင်ကျော်ရှိကြောင်း၊ အာမခံပေးထားကြောင်း ၎င်း၏မိခင်ကြီးမှာမူ သားအတွက်စိတ်ဆင်းရဲခြင်းဖြင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများ၏ တင်ပြချက်အရ သိရှိရသည်။ တရားခံကိုယ်တိုင်လည်း မိမိအားလာရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ အတော်အိုစာသွားသည်ကိုတွေ့ရှိရပြီး ကျန်းမာရေးလည်း ကောင်းပုံမရချေ။

အမှုများအတွက် ရှေ့နေလည်းမငှားနိုင်ဘဲ ပေးသမျှပြစ်ဒဏ်ကိုကျခံရန် စောင့်ဆိုင်းနေသည့်သဘောဖြစ်ပါသည်။ မိမိအား သူကလာရောက်နှုတ်ဆက်သောအခါ လွန်ခဲ့သည့်ဆယ်နှစ်ကျော်က မိမိက သူ့အားပြောကြားခဲ့သည့်စကားများကို ပြန်လည်မှတ်မိသလို သူလည်းမှတ်မိမည်မှာသေချာပါသည်။ သို့သော် ဒုက္ခရောက်နေရှာသူတစ်ဦးကို ''ကဲ၊ မှတ်ပြီလား၊ ကိုယ်ပြောခဲ့တဲ့အတိုင်း လုပ်ခဲ့မယ်ဆိုရင် ကိုယ့်လူ အခုလိုဖြစ်မှာမဟုတ်ဘူး'' ဆိုသော အထက်စီးလေသံဖြင့် စကားပြောမထွက်ခဲ့ပေ။ စိတ်မကောင်းဖြစ်ရသဖြင့် ဆက်လက်၍လည်း မပြောဖြစ်ခဲ့တော့ပေ။

မိမိသည် သရက်ချောင်းမြို့နယ်ပါတီယူနစ် (အထူးသဖြင့် 'လေ' များပြီး လူကြိုက်အောင်ပြောတတ်သူ ပါတီယူနစ်ဥက္ကဌ) နှင့် ထိပ်တိုက်မတွေ့လိုသဖြင့် စိတ်လျှော့ထားပြီး ဝတ်ကျေတန်းကျေသဘောဖြင့်သာ အလုပ်လုပ် နေသော်လည်း တစ်ခါတစ်ရံတွင်မရှောင်လွှဲနိုင်သော ထိပ်တိုက်တွေ့သည့်ကိစ္စများကို ကြုံရတတ်သေးသည်။တစ်ခါက ကျေးရွာခေါင်းဆောင်များတက်ရောက်သောအစည်းအဝေးတစ်ခုတွင် ထားဝယ်-မြိတ်ကားလမ်း ဝဲ၊ ယာတစ်လျှောက်၊ ကားလမ်းနှင့်လမ်းနယ်နိမိတ်မှတ်တိုင်များအကြားရှိ ရေနုတ်မြောင်းများအတွင်း ကန်သင်းပိတ်၍ လယ်မဲ့၊ ယာမဲ့များအား စပါးစိုက်ပျိုးခွင့်ပြုသင့်ကြောင်း၊ လုပ်ကိုင်လိုသည့် လယ်သမားများလည်းရှိကြောင်း၊ နိုင်ငံအတွက်လည်း စပါးအထွက်တိုးမည်ဖြစ်ကြောင်း ပါတီယူနစ်ဥက္ကဌကတင်ပြဆွေးနွေးရာ မိမိကမလုပ်သင့်ကြောင်း၊ မော်တော်ကားလမ်းဘေးရှိ ရေမြောင်းများမှာ လယ်ကွင်းများမှ ပိုလျှံလာသောရေများကို မြစ်ချောင်းများအတွင်းသို့ စီးဆင်းစေခြင်းဖြစ်ကြောင်း၊ ကန်သင်းများပိတ်၍ စပါးစိုက်ပျိုးပါက လယ်ကွင်းများမှ ပိုလျှံရေများကို နုတ်ယူနိုင်တော့မည်မဟုတ်သောကြောင့်လယ်ကွင်းများတွင် ရေလျှံပြီး စပါးပင်များသေဆုံးမည်ဖြစ်ကြောင်း၊ ကန်သင်းပိတ်၍ စပါးစိုက်ပျိုးနိုင်သော မြေဧရိယာမှထွက်ရှိနိုင်သော စပါးအနည်းငယ်သာရှိပြီး ပျက်စီးသောစပါး ပိုများမည်ဖြစ်ကြောင်း ဆွေးနွေးသော်လည်း လက်မခံဘဲဇွတ်ပြောနေသဖြင့် မိမိက ''မိမိသည်မြို့နယ်အတွင်းမှ မြေများကို စီမံခန့်ခွဲရသည့် မြေနှင့်အခွန်အရာရှိဖြစ်၍ အစိုးရမြေလွတ်မြေလပ်များနှင့် လမ်းမြေများကို ထိန်းသိမ်းရန်တာဝန်ရှိသူဖြစ်ကြောင်း၊အစိုးရဌာနပိုင်မြေများအတွင်း ကျူးကျော်သူများကို ဖယ်ထုတ်ရန်လည်း တာဝန်ရှိသူဖြစ်ကြောင်း ပါတီယူနစ်ဥက္ကဌဆွေးနွေးသည့်အတိုင်း ဆောင်ရွက်လိုပါက ရှေးဦးစွာ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ရရှိရန် ဆောင်ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်မရဘဲ လမ်းနယ်နိမိတ်အတွင်းဝင်ရောက်၍စပါးစိုက်ပျိုးပါက အရေးယူမည်ဖြစ်ကြောင်း ဤကားလမ်းမှာ နောင်တွင် ရန်ကုန်မှ ကော့သောင်းအထိ ရောက်နိုင်သည့်ပြည်ထောင်စုလမ်းမကြီးဖြစ်လာမည်ဖြစ်၍ လက်ရှိလမ်းကို ချဲ့ထွင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဤကိစ္စမှာဥပဒေကို ကျော်လွန်ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့်အပြင် မူဝါဒဆိုင်ရာကိစ္စလည်း ဖြစ်သောကြောင့်သရက်ချောင်းမြို့နယ် ပါတီယူနစ်အနေဖြင့် ပါတီတိုင်းခွဲကော်မတီအစည်းအဝေးသို့ အချက်အလက်စုံလင်စွာဖော်ပြ၍တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း အထက်အမိန့်မရရှိဘဲမလုပ်သင့်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသောအခါ ပါတီယူနစ်ဥက္ကဌကပါတီအထက်အဖွဲ့အစည်းသို့ တင်ပြမည်ဟု ပြန်ပြောပါသည်။

သို့သော် မိမိသရက်ချောင်းမြို့နယ်တွင် တာဝန်ကျသည့် ၁၉၇ဝ ပြည့်နှစ်အထိတော့ လမ်းဘေးရေမြောင်းများကိုပိတ်၍ စပါးစိုက်သည်ကိုမူ မတွေ့မြင်ခဲ့ရပေ။တစ်ခါက မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ အစည်းအဝေးကျင်းပရာတွင်လည်း စုပေါင်းရုံးအနီး နလကဥက္ကဌရုံးခန်း၏ ကျောဘက်တွင် ပေ ၂ဝ ခန့်အကွာတွင်ရှိသည့် သတ္တုဖြင့်ပြုလုပ်ထားသောကြေးနန်းကြိုး (တယ်လီဖုန်းကြိုး) တိုင်ကို တူးဖော်ဖယ်ရှားပြီးလူငယ်များအတွက် ဘော်လီဘောကစားကွင်းလုပ်လိုသည်ဟု လူငယ်တချို့က ၎င်းထံတင်ပြလာသဖြင့် ခွင့်ပြုသင့်ကြောင်း ပါတီယူနစ်ဥက္ကဌကတင်ပြသည်။ ယခင်ကထားဝယ်နှင့် သရက်ချောင်းအကြား တယ်လီဖုန်းဆက်သွယ်ပေးသည့် သတ္တုဖြင့် ပြုလုပ်ထားသော ဓာတ်ကြိုးတိုင်များနှင့် ကြေးနန်းကြိုးများ သွယ်တန်းထားရာ ဗကပသောင်းကျန်းသူများ ဖျက်ဆီးယူဆောင်သွားကြသဖြင့် ကြေးနန်းကြိုးများကား မရှိတော့ဘဲ ဓာတ်တိုင်အနည်းငယ်သာလျှင် သရက်ချောင်းမြို့ပေါ်နှင့် အချို့ကျေးရွာများအတွင်း ကျန်ရှိနေခြင်းဖြစ်သည်။ တယ်လီဖုန်းဆက်သွယ်၍ မရသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021