ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ကိုယ်ခံအားနဲ့တိုက်ထုတ်မယ်

ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ကိုယ်ခံအားနဲ့တိုက်ထုတ်မယ်

မိုးလေးစိုလိုက်၊ ပြန်ပူအိုက်လာလိုက်နဲ့ ရာသီဥတုအခြေအနေတွေကြားမှာကိုယ်ထင်ပြလာတာကအအေးမိ၊ တုပ်ကွေးပဲဖြစ်ပါတယ်။ ဟပ်ချိုး၊ အဟွတ်ဟွတ် ဆိုတဲ့အသံလေးတွေ ကြားကြားနေရသလို နှာစေးနေတဲ့သူ၊ ဖျားနေတဲ့သူ၊ လည်ချောင်းနာနေသူတွေလည်းကိုယ့်ပတ်ဝန်းကျင်မှာတွေ့လာရမှာပေါ့။ ဒီကြားထဲရာသီတုပ်ကွေးဆိုတဲ့ H1N1  လိုရောဂါပိုးတွေ ကူးစက်နိုင်တဲ့အန္တရာယ်လည်းရှိပါသေးတယ်။

ဒါပေမယ့် ကံကောင်းတာကကိုယ်ခံအားစနစ်လို့ခေါ်တဲ့ သဘာဝကပေးတဲ့လက်ဆောင်တစ်ခု ကျွန်မတို့ခန္ဓာကိုယ်မှာပါလာပြီးသားဖြစ်နေတာပါပဲ။
ဒီသဘာဝလက်ဆောင်ကိုကောင်းကောင်းအသုံးချနိုင်ရင် ရာသီတုပ်ကွေးလည်း ကြောက်စရာမလိုပါဘူးတဲ့နော်။ 

ကိုယ်ခံအားသာကောင်းနေရင် ရောဂါပိုးတွေမကူးစက်အောင်ကာကွယ်နိုင်စွမ်းပိုများသလို ကူးခဲ့ရင်တောင် ပြန်တိုက်ထုတ်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့ကလည်းကုန်ကျစရိတ်များတဲ့ အထူးဆေးဝါးတွေ သောက်ဖို့၊သွင်းဖို့မလိုပါဘူး။ လွယ်လွယ်လေးပါ။

အိပ်ရေးဝအောင်အိပ်မယ်

အိပ်ရေးပျက်ရင် ကိုယ်ခံအားနည်းစေပြီး ခန္ဓာကိုယ်ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေမှာဆုတ်ယုတ်မှုတွေရှိလာစေနိုင်ပါတယ်။ တော်တန်ရုံရောဂါမဖြစ်ဘဲကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကိုအိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်းရှိဖို့လိုပါတယ်။

စိတ်ဖိစီးမှုကို ဖြေရှင်းမယ်

စိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ်မှာထွက်လာတဲ့ ကော်တီဆောဟော်မုန်းက ကြာလာရင် အစားအသောက်မူမမှန်တာ၊ အအိပ်မမှန်တာစတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ကိုပါ ဖိစီးလာပြီးကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။

အရက်၊ဆေးလိပ် ရှောင်မယ်

သိထားပြီးတဲ့အတိုင်းပဲ ဆေးလိပ်နဲ့အရက်ကကျန်းမာရေးကိုကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်ကြောင့် ကိုယ်ခံအားကိုထိခိုက်စေတယ်၊ အဆုတ်ပိုးဝင်တာ၊လေပြွန်နဲ့ အဆုတ်ရောဂါတွေဖြစ်စေနိုင်တယ်၊ အရက်ကြောင့် ကိုယ်ခံအားကိုထိခိုက်စေပြီးအတွင်းကလီစာတွေကို ရောဂါကူးစက်လွယ်စေနိုင်တယ်။ ဒီတော့ မဖြတ်နိုင်ရင် လျှော့သောက်ပါ။

အာဟာရမျှတအောင်စားမယ်

ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့်အာဟာရဓာတ်တွေရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင်စားပါ။ တုပ်ကွေးရာသီမှာအစားလျှော့ Diet လုပ်တဲ့သူတွေ ကိုယ်ခံအားစနစ် အားမနည်းအောင်ဂရုစိုက်စီမံသင့်ပါတယ်။

လက်ဆေးတဲ့အကျင့်ကိုမွေးပါ

လက်မဆေးဘဲအစားစားတာ၊ မျက်နှာကိုပွတ်တာ၊ အပြင်ကပြန်လာပြီးလက်မဆေးတာတွေကရောဂါပိုးတွေ အကုန်ဖိတ်ခေါ်နေသလိုပါပဲ။ ဆပ်ပြာနဲ့ရေကိုသုံးပြီးလက်ဆေးတဲ့အကျင့်ကိုလုပ်ပါ။ လက်ဆေးရလို့ လက်အသားအရေခြောက်သွေ့တယ်ထင်ရင် hand cream ဖြစ်ဖြစ် သံလွင်ဆီဖြစ်ဖြစ်ပြန်လိမ်းလို့ရတာပဲ။ လှုပ်ရှားသွားလာရင်းအလွယ်တကူဆေးနိုင်ဖို့ လက်သန့်ဆေးရည် အိတ်ကပ်ထဲဆောင်ထားပါ။

တစ်ကိုယ်ရည်သန့်ရှင်းမှုကိုဂရုစိုက်မယ်

လက်ဆေးရုံနဲ့မပြီးပါဘူး။ လူလည်းသန့်ရှင်းမှုရှိမှဖြစ်မှာပါ။ သန့်ရှင်းမှုကိုဂရုစိုက်မှ ရောဂါပိုးတွေရန်ကကာကွယ်နိုင်ပါလိမ့်မယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်

တစ်နေ့လုံးနေမှ မိနစ်ပိုင်းလောက် လေ့ကျင့်ခန်းလုပ်ရတာသိပ်အလုပ်မရှုပ်လောက်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုဆိုတာ Gym သွားမှမဟုတ်ပါဘူး။ ခြေနဲ့လက်လှုပ်ပြီးဟိုဟိုဒီဒီလမ်းထလျှောက်လည်းရတယ်၊ အကြောဆန့်ရုံလည်းရတယ်၊ ယောဂလေ့ကျင့်ခန်းနှစ်ကွက်လောက်ဆိုလည်းဖြစ်တယ်။ ဘာများခက်ခဲမှာမို့လို့လဲ။

ကိုယ်ခံအားတက်စေမယ့် အစားအသောက်တွေကိုစားပေးမယ်

အာဟာရပြည့်အောင်စားပေမယ့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်မယ့် အစားအသောက်တွေကိုလည်းထည့်စားမယ်၊ ပိုစားမယ်ဆိုအထောက်အကူဖြစ်စေနိုင်တယ်။ ဥပမာ ကြက်သွန်ဖြူဆိုရင် ရောဂါပိုးမွှားတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိပါဝင်သလိုကိုယ်ခံအားလည်းတိုးစေတယ်။ ဒါပေမယ့်အပူပေးလိုက်ရင် သူ့ရဲ့အဓိကပါဝင်ပစ္စည်းကိုအားပြယ်စေလို့ အစိမ်းစားတာပိုကောင်းပါတယ်။ အသုပ်နဲ့တွဲစားတာ၊ လက်ဖက်သုပ်နဲ့စားတာ၊ ဗီတာမင် စီပါတဲ့ သံပရာသီးနဲ့ အချဉ်ထောင်းစားတာမျိုးပေါ့။  နောက်တစ်ခုက ဆေးဖက်ဝင်တဲ့မှိုတွေပါ။ ရှီတာကီမှိုလိုမျိုး ဆေးဖက်ဝင်မှိုတွေကကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဗီတာမင်စီပါတဲ့အစားအသောက်၊အသီးအနှံ၊ အသီးအရွက်တွေကိုလည်းစားပေးလို့ရတယ်။ ကြက်စွပ်ပြုတ်သောက်တာလည်းအသားဓာတ်အပါအဝင်အာဟာရဓာတ်တွေရနိုင်တဲ့အပြင် ကိုယ်ခံအားတက်စေတဲ့နည်းတစ်မျိုးပါ။

ဒီလောက်ဆို တော်တော်လေးစုံနေပြီဆိုတော့ သဘာဝကာကွယ်မှုစနစ်ကိုစောင့်ရှောက်ဖို့ သေချာလိုက်နာပြီးရောဂါကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ကြလိုက်ပါတော့။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021