ဗီယက်နမ်လက်ရွေးစင်နှင့် ဟောင်အန် ဂယ်လိုင်အသင်း၏အဓိကတိုက်စစ်မှူး ငုယင် ကောင်ဖောင်သည် ဘယ်လ်ဂျီယံ ပထမတန်း ကလပ် စင့်ထရီဒန့်အသင်းသို့ တစ်နှစ်အငှား စာချုပ်ဖြင့် ဇူလိုင် ၅ ရက်က ပြောင်းရွှေ့ ရောက်ရှိခဲ့သည်။
သတင်းထုတ်ပြန်
အသက် ၂၄ နှစ်အရွယ်သာရှိသေးသည့် ငုယင်ကောင်ဖောင်ကို စင့်ထရီဒန့်အသင်းမှ တရားဝင်ခေါ်ယူခဲ့ပြီဟု ဟောင်အန်ဂယ်လိုင် အသင်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ကြိုတင်သတင်းထုတ်ပြန်ခဲ့သည်။
အလှည့်အပြောင်း
စာချုပ်ချုပ်ပွဲအပြီးတွင် ငုယင်ကောင်ဖောင် က "စင့်ထရီဒန့်အသင်းအတွက် ကစားခွင့် ရတော့မှာဖြစ်လို့ အရမ်းပျော်မိသလို ဂုဏ်လည်း ယူမိတယ်။ ဒါဟာ ကျွန်တော့်ဘဝအတွက် ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုပါ။ ဘယ်လ် ဂျီယံကလပ်နဲ့လက်တွဲခွင့်ရဖို့ ကူညီပေးခဲ့တဲ့ ဟောင်အန်ဂယ်လိုင်အသင်းတာဝန်ရှိသူတွေ၊ နည်းပြအဖွဲ့တွေ၊ စင့်ထရီဒန့်အသင်းကတာဝန် ရှိသူတွေကိုကျေးဇူးတင်ပါတယ်။ စင့်ထရီဒန့် အသင်း ပရိသတ်တွေအတွက် လေ့ကျင့်ရေး ကွင်းမှာရော ပြိုင်ပွဲတွေမှာပါ အကောင်းဆုံး ပေးဆပ်ကစားသွားမှာပါ"ဟု ဖွင့်ဟခဲ့သည်။
ရွေးချယ်ခဲ့
ငုယင်ကောင်ဖောင်ကို ပြင်သစ်ဒုတိယတန်း ကလပ် ကလီမွန့်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားမှုများရှိခဲ့သော်လည်း ၎င်းက ဘယ်လ်ဂျီယံကလပ်ကိုသာ ရွေးချယ်ခဲ့သည်။ စင့်ထရီဒန့်အသင်းသည် ပြီးခဲ့သည့်ရာသီက ဘယ်လ်ဂျီယံ ပထမတန်းလိဂ်ပြိုင်ပွဲအပြီး အမှတ်ပေးဇယားတွင်တွင် ဂျန့်၊ အန်ဒါလက်ချ်၊ ဘရုဂျက်၊ စတန်းဒက်လီဂီ အစရှိသည့်အသင်း ကြီးများ၏ နောက်အဆင့်ခုနစ်နေရာ၌ ရပ်တည် နိုင်ခဲ့သောအသင်းဖြစ်သည်။
ဗီယက်နမ်ကြယ်ပွင့် ငုယင်ကောင်ဖောင် သည် ဟောင်အန်ဂယ်လိုင်အသင်းတွင် ကစား နေစဉ်အတွင်း ဂျပန်ဂျေလိဂ်---၂ ကလပ်မီတို ဟိုလီဟော့ခ်အသင်း၌ တစ်ရာသီအငှားဖြင့် ကစားခဲ့သလို တောင်ကိုရီးယားကေလိဂ်--၁ ပြိုင်ပွဲဝင်အင်ချွန်းအသင်းတွင်လည်း တစ်ရာသီ အငှားဖြင့် ကစားခဲ့ဖူးသည်။















