အငှားယာဉ်ပေါ်၌ခရီးသည်ကို ဓားထောက်ခြောက်လှန့်တောင်းယူသူလေးဦးကို ဖမ်းမိ

အငှားယာဉ်ပေါ်၌ခရီးသည်ကို ဓားထောက်ခြောက်လှန့်တောင်းယူသူလေးဦးကို ဖမ်းမိ

အငှားယာဉ်ပေါ်၌ခရီးသည်ကို လည်ပင်းဓားထောက်ခြောက်လှန့်တောင်းယူသူလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်နေ ကိုကျော်ဇော(၃၅)နှစ် သည် ဇူလိုင် ၂ ရက် နံနက် ၂ နာရီက နေအိမ်သို့ပြန်ရန် (၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် အငှားယာဉ်တစ်စီးအား နှစ်ထောင်ကျပ်ဖြင့် ငှားရမ်းခဲ့သည်။

ထိုသို့ ငှားရမ်းခဲ့ရာ ယာဉ်ရှေ့ ခန်းတွင် ယာဉ်မောင်းတစ်ဦး၊ ဘေးတွင် လူငယ်တစ်ဦးတို့အားတွေ့ရှိရပြီး လိုက်ပါလာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့အရောက်၌ နောက်ခန်းနှင့် တစ်ဆက်တည်းရှိ ယာဉ်နောက်ဖုံးအတွင်းမှ ပုန်း၍လိုက်ပါလာသူ လူငယ်နှစ်ဦးက ကိုကျော်ဇော၏ လည်ပင်း အား နောက်မှနေ၍ ဓားမြှောင်ဖြင့်ထောက်ကာ ပစ္စည်းများထုတ်ပေးရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ခြိမ်းခြောက်ပြောဆိုမှုကြောင့် ဘောင်းဘီအိတ်အတွင်းမှငွေ (၃၀ဝ,ဝ၀ဝ)ကျပ်အား ထုတ်ပေးခဲ့ရသည်။
ထို့နောက် အဆိုပါ လူငယ်နှစ်ဦးမှ ဖုန်းနှင့် နာရီအားပေးရန် ထပ်မံပြောဆိုကာ SAMSUNG S3 GEER အမျိုးအစား နာရီ(တန်ဖိုးငွေ ၆၀ဝ,ဝ၀ဝ ကျပ်)နှင့် SAMSUNG S9 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး(တန်ဖိုးငွေ ၁,၄၀ဝ,ဝ၀ဝ ကျပ်)၊ စုစုပေါင်းတန်ဖိုးငွေ ၂,၃ဝဝ,ဝဝဝ ကျပ်တို့အား လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယာဉ်မောင်းက ယာဉ်အားရပ်တန့်ပေးခြင်းမရှိဘဲ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပန်းဈေးတန်းမရောက်မီ လမ်းဘေးတွင် ကိုကျော်ဇောအား ယာဉ်ပေါ်မှတွန်းချခဲ့ပြီး ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

သုဝဏ္ဏနယ် မြေရဲစခန်းက(ပ)၅၇၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

ထိုသို့စုံစမ်းခဲ့ရာ တရားခံများဖြစ်သော ဒဂုံတောင်မြို့နယ်၊ (၆၅)ရပ်ကွက်နေ ဇေယျာမျိုးမောင်(၂၅)နှစ်၊ (၂၃) ရပ်ကွက်နေ အတာ(ခ)ဘိုဖုချို (၁၈)နှစ်၊ (၂၆)ရပ်ကွက်နေ တိုးတိုးအောင်(ခ)ဇော်အောင်(ခ)တိုးကြီး (၂၆)နှစ်နှင့် မျိုးသက်(၂၇)နှစ်တို့ အား ဇူလိုင် ၅ ရက် ညနေ ၅ နာရီခွဲအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။