အောင်မြင်မှုရ မြန်မာ့လက်ရွေးစင်လှေအသင်းများအား ဂုဏ်ပြုချီးမြှင့်

အောင်မြင်မှုရ မြန်မာ့လက်ရွေးစင်လှေအသင်းများအား ဂုဏ်ပြုချီးမြှင့်

ထိုင်းနိုင်ငံက ပတ္တရားမြို့တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်လှေအသင်း များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇူလိုင် ၈ရက် ညနေ၆နာရီတွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ ဒဂုံဂေါ့ဖ်စီးတီးကွင်း၌ ကျင်းပခဲ့သည်။

ချီးမြှင့်

အဆိုပါဂုဏ်ပြုပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် နာယက ဦးစိန်ထွန်းနှင့် ဦးကျော်စိန်၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အလုပ်အမှုဆောင်များ၊ အောင်ပွဲရမြန်မာ့လက်ရွေးစင် လှေလှော်အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုပွဲတွင် ရွှေတံဆိပ်တစ်ခုလျှင် ကျပ်၁၀သိန်း၊ငွေတံဆိပ်တစ်ခုလျှင် ကျပ်၅သိန်းနှင့် ကြေးတံဆိပ်တစ်ခုလျှင် ကျပ်နှစ်သိန်းခွဲ ချီးမြှင့်ခဲ့ပြီး ရွှေတံဆိပ်ရရှိသည့် နည်းပြများအား ကျပ် ၁၀သိန်းနှင့် ငွေနှင့်ကြေးရရှိခဲ့သည့် နည်းပြများအား ကျပ်၅သိန်းစီ ချီးမြှင့်ခဲ့ကြသည်။

ဆွတ်ခူး

မြန်မာ့လက်ရွေးစင် လှေလှော်အသင်းသည် အရှေ့တောင်အာရှ ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက် ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ်ငါးခုဖြင့် နိုင်ငံအလိုက် အဆင့် လေးနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ကနူး/ကယက်ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းက ရွှေတံဆိပ်သုံးခု၊ သန့်ဇင်ဦးက ရွှေတံဆိပ် နှစ်ခု၊အောင်မျိုးသူက ရွှေတံဆိပ်တစ်ခု၊ ဝင်းထိုက်က ငွေတံဆိပ်နှစ်ခု၊ ထွန်းမင်းသန့်က ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုဆွတ်ခူးခဲ့ပြီး အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ၌ ဝေယံမိုးက ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု၊ ရွှေဇင်လတ်ကကြေးတံဆိပ်တစ်ခု၊ အေးသူဇာနှင့် နီလာဝင်းအတွဲက ကြေးတံဆိပ်တစ်ခုဆွတ်ခူးပေးခဲ့သည်။

မြန်မာ့လက်ရွေးစင် ကနူး/ကယက်အသင်းကို နည်းပြအဖြစ်ဦးခင်မောင်မြင့်နှင့် မစ္စတာဂါဂီလေတို့က တာဝန်ယူခဲ့ပြီး အပြည်ပြည်ဆိုင်ရာလှေအသင်းကို နည်းပြအဖြစ် ဦးကျော်ဝင်းနှင့် မစ္စတာ ဖီလစ်တို့က တာဝန်ယူခဲ့သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် တက်ရောက်လာသည့် ဧည့်သည်တော်များက လှေလှော်အဖွဲ့ချုပ်အား အလှူငွေများအသီးသီးလှူဒန်းခဲ့သည်။ထို့နောက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒု- ဥက္ကဋ္ဌ အိုကေမြန်မာကုမ္ပဏီပိုင်ရှင် ဦးကျော်ကျော်လှိုင်က ဆုတံဆိပ်ရရှိသည့် ကစားသမားများအား လျှပ်စစ်ပစ္စည်းများ ချီးမြှင့်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး